ကျောက်မဲ မြို့ပေါ်ရပ်ကွက် အိမ်ငှားနေစစ်ရှောင်များ စားဝတ်နေရေးခက်ခဲလာ

ကျောက်မဲ မြို့ပေါ်ရပ်ကွက် အိမ်ငှားနေစစ်ရှောင်များ စားဝတ်နေရေးခက်ခဲလာ

သျှမ်းမြောက် ကျောက်မဲမြို့ပေါ်ရပ်ကွက်များ၌ အိမ်ငှားနေထိုင်ခြင်းနှင့် မြို့အနီးကျေးရွာများရှိ ဆွေမျိုးအိမ်များတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များ စားဝတ်နေရေး ခက်ခဲလာကြောင်း စုံစမ်းသိရသည်။

“သူတို့တွေက စစ်ရှောင်စခန်း ပြင်ပမှာ နေတဲ့ သူတွေပါ၊ တချို့က အိမ်ငှားနေတယ်၊ တချို့က အမျိုးအိမ်တွေမှာ ကပ်နေကြတာ၊ ၃ လပိုင်း၊ ၄ လပိုင်းလောက်ကတည်းက စစ်ရှောင်လာတဲ့ သူတွေလည်း ရှိသေးတယ်၊ မိုင်းငေါ့က စစ်ရှောင်တွေဆိုရင်လည်း အရမ်းကို ကြာနေပြီ” ဟု သျှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်း ဥက္ကဌ လုံးလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းပြင်ပတွင် နေထိုင်သည့် စစ်ရှောင် အိမ်ထောင်စု (၁၈၀)၊ လူဦးရေ (၇၀၀)ကျော်အား ပြီးခဲ့သည့် ရက်ပိုင်းက ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ နှင့် အခြားစားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးခဲ့ရကြောင်း သိရသည်။

စားနပ်ရိက္ခာ ထောက်ပံ့မှု မရရှိသေးသည့် စစ်ရှောင်စခန်းပြင်ပနေ စစ်ဘေးရှောင်များလည်း ရာချီ ကျန်ရှိနေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

“ခု ထောက်ပံ့တာက ဟူးဆွန်၊ တွန်ဟိတ်၊ လျန်းဆိုင်းနဲ့ ကြိမ်ကိုင်က စစ်ရှောင်တွေပါ၊ ၄ ရွာပဲ ထောက်ပံ့ရသေးတယ်၊ တခြားကျေးရွာကနေ ရောက်လာတဲ့စစ်ရှောင်တွေ မထောက်ပံ့နိုင်သေးဘူး၊ ထောက်ပံ့ပေးနိုင်ဖို့ စီစဥ်နေတုန်း” ဟု လုံးလျန်းဟန် က ဆက်ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း လက်ရှိ စစ်ရှောင်စခန်းများတွင် ရောက်ရှိခိုလှုံနေသူ (၁၀၀၀)ကျော် ရှိနေပြီး စစ်ရှောင်စခန်း ပြင်ပတွင် နေထိုင်သည့် စစ်ဘေးရှောင်ဦးရေမှာလည်း (၁၀၀၀)ထက်မနည်း ရှိနေကြောင်း သိရှိရသည်။

ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် မတ်လကတည်းက စစ်ဘေးတိမ်းရှောင်ခဲ့ရသူ ထောင်ချီ ရှိခဲ့ပြီး ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးပါ။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...