သီပေါမြို့နယ်တွင် မှတ်ပုံတင်လုပ်ပါက တစ်ဦးလျှင် ကျပ်တစ်သောင်းခွဲစီ ပေးဆောင်နေရ

သီပေါမြို့နယ်တွင် မှတ်ပုံတင်လုပ်ပါက တစ်ဦးလျှင် ကျပ်တစ်သောင်းခွဲစီ ပေးဆောင်နေရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ဆင်ကျော့ကျေးရွာအုပ်စုတွင် နိုဝင်ဘာ ၂၃ မှစပြီး စစ်ကောင်စီ လက်အောက်ခံ လဝကရုံးများက ပြည်သူများကို မှတ်ပုံတင်လုပ်ပေးခဲ့ရာတွင် တစ်ဦးလျှင် ငွေကျပ်တစ်သောင်းခွဲ ပေးဆောင်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ထို့အပြင် အိမ်ထောင်စု အသစ်လုပ်သူများ၊ အိမ်ထောင်စုထဲတွင် လူသစ်ထပ်မံ ဖြည့်ထည့်သူများလည်း ငွေပေးဆောင်ရကြောင်း သိရသည်။

“သွားလုပ်တဲ့သူတွေက တစ်ယောက်ကို ၁ သောင်းခွဲ ပေးရတယ်။ မှတ်ပုံတင်လုပ်ရင် ၁ သောင်းခွဲ၊ အိမ်ထောင်စု လုပ်ရင်လည်း ပေးရတယ်။ လူသစ်ထပ်ဆွဲထည့်ရင်လည်း ပေးရတယ်။ အကုန်လုံးက ၁ သောင်းခွဲစီ ပေးရတာ“ ဟု မှတ်ပုံတင်ပြုလုပ်ခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေနေနှင့် ကိုဗစ် – ၁၉ ကြောင့် စီးပွားရေးရှာဖွေစားသောက်ရန် ခက်ခဲနေချိန်တွင် သက်ဆိုင်ရာအစိုးရဌာနအနေဖြင့် ငွေကျပ် ၁ သောင်းခွဲ တောင်းခံနေသည့်လုပ်ရပ်အပေါ် အဆင်မပြေကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

“အခုလက်ရှိအချိန်နဲ့ဆို ဈေးကြီးတာပေါ့။ အခုတော့ နိုင်ငံရေးလည်း မကောင်းဘူး။ စီးပွားရေးလည်း မရှိဘူး။ ကျမတို့ စားဝတ်နေရေးအတွက်တောင် မနည်းရှာရတာလေ။ အကုန်လုံးက ဈေးကြီးပေးဝယ်နေရတာ။ စိုက်ပျိုးရေးတွေလည်း မဖြစ်ဘူး” ဒေသခံအမျိုးသမီး တစ်ဦးက ဆိုသည်။

အဆိုပါ ငွေပမာဏကျပ် ၁ သောင်းခွဲသည် မှတ်ပုံတင်လုပ်ပေးသည့် လဝကရုံးက သတ်မှတ်ထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ရုံးက သတ်မှတ်ထားတာလေ။ ကျနော်တို့လည်း ကျေးရွာ လူထုကို အစည်းဝေးခေါ်ပြောတယ်။ တစ်ချို့လည်း လာလုပ်ကြတယ်။ ငွေတောင်းတာက ကျနော်တို့ကနေ တောင်းတာတော့ မဟုတ်ဘူး။ လဝကရုံးကနေ တဆင့် ဈေးသတ်မှတ်ထားတာဖြစ်လို့ ကျနော်တို့ကိုလည်း တောင်းတယ်” ဟု ဆိုင်ကျော့ ကျေးရွာအုပ်ချုပ်ရေးမှုက ပြောသည်။

အဆိုပါ မှတ်ပုံတင်ခကို ဆိုင်ကျော့ကျေးရွာအုပ်စု တစ်ခုထဲပေးဆောင်ရတာ မဟုတ်ကြောင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာများအားလုံးက ပေးဆောင်ရသည်ဟု အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

“ကျနော်တို့ ကျေးရွာအုပ်စုပဲပေးရတာမဟုတ်ဘူး။ တခြားကျေးရွာအုပ်စုတွေလည်း ပေးရပါတယ်။ မြို့မှာသွားလုပ်ရင် ဒီထက်တောင် ပိုကုန်နိုင်သေးတယ်။ ဒါတွေကိုတော့ ကျနော်တို့ ပြည်သူတွေကိုလည်း သိစေချင်တယ်” ဟု အထက်ပါ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

ယခင်က NLD အစိုးရလက်ထက်တွင် ဒေသခံများ မှတ်ပုံတင်လုပ်ရာတွင် စာရွက်စာတမ်းကြေး ၂ ထောင် ၃ ထောင်သာ ပေးခဲ့ရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...