စစ်ကောင်စီသတ်ဖြတ်ခဲ့သည့် စစ်ရှောင်ကူညီသူ ကိုညီခင်ရုပ်အလောင်း ပြန်မရရှိသေး

စစ်ကောင်စီသတ်ဖြတ်ခဲ့သည့် စစ်ရှောင်ကူညီသူ ကိုညီခင်ရုပ်အလောင်း ပြန်မရရှိသေး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ရှောင်များကို စားဝတ်နေရေးအတွက် ကူညီပေးနေသည့် ကိုညီခင်ကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်း ပြန်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ကိုညီခင် ကို စစ်ကောင်စီတပ်ဖွဲ့က နိုဝင်ဘာ (၁၅)ရက် ည ၉ နာရီအချိန်တွင် နေအိမ်မှ လာရောက်ဖမ်းဆီးသွားပြီး စစ်ကြောရေးစခန်းရောက်ပြီး ၃ ရက်အကြာ နိုဝင်ဘာ ၁၈ ရက်နေ့က သေဆုံးသွားကြောင်း သိရသည်။

“ ၁၈ ရက်နေ့က သေဆုံးသွားတယ်။ သေတာတော့ သေချာတယ်။ အလောင်းတော့ ပြန်မရသေးဘူး။ အလောင်းပြန်ရရင်တော့ ကျနော်တို့ကလည်း သိရပြီ။ အလောင်းသွားထုတ်ကြတယ်။ ဒါပေမဲ့ အလောင်းပြန်မရခဲ့ဘူး” ဟု အမည် မဖော်ပြလိုသည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ စစ်ကြောရေးစခန်းတွင် ညှဥ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားခဲ့သော်လည်း ကိုညီခင် အမောဖောက်သေဆုံးသွားကြောင်း စစ်ကောင်စီ တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ကိုညီခင်သည် ကျန်းမာရေးအခြေနေ ကောင်းမွန်သူတစ်ဦးဖြစ်ကြောင်း နီးစပ်သူ တစ်ဦးက ပြောသည်။

“ သူတို့ကတော့ အမောဖောက်ပြီးသေသွားတယ်လို့ထုတ်ပြန်တာပေါ့။ တကယ်တော့ ကိုညီခင်က ကျန်းမာရေးကောင်းမွန်သူဖြစ်တယ်။ စစ်ကြောရေးစခန်းမှာ ၃ ရက်နေပြီးသေတယ်ဆိုတော့ သူတို့ နှိပ်စက်တာပဲ ဖြစ်နိုင်တယ်” ဟု နီးစပ်သူက ပြောသည်။

ကိုညီခင်သည် ဖယ်ခုံမြို့နယ်အတွင်း စစ်ဘေးရှောင်များကို စားဝတ်နေရေးအတွက် အဓိက ကူညီထောက်ပံ့ပေးနေသည့်သူတစ်ဦး ဖြစ်ကြောင်း၊ ၄င်းနှင့်ဆက်စပ်နေသူ (၇)ဦးကိုလည်း စစ်ကောင်စီ တပ်ဖွဲ့တို့က ဖမ်းဆီးသွားပြီး ယနေ့ အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...