ကလောမြို့နယ် မြင်းကရွာက ရွာလူကြီးနှင့် လူငယ်များကို စစ်ကောင်စီ ဖမ်းဆီးသွား

ကလောမြို့နယ် မြင်းကရွာက ရွာလူကြီးနှင့် လူငယ်များကို စစ်ကောင်စီ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်ရှိ မြင်းကရွာလူကြီးနှင့် လူငယ်များကို စစ်ကောင်စီက အကြောင်းမဲ့ မတရားဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာလ ၁၆ ရက် ည ၁၂ နာရီကျော်တွင် အင်အား ၃၀ ခန့်ရှိသော ရဲနှင့်စစ်သားတို့သည် မြင်းကရွာသို့ ကားဖြင့် ရောက်ရှိလာပြီး ရွာလူကြီးအပါအဝင် ရွာသား လူငယ် ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“ညကြီး ရောက်လာတာပါ၊ ရွာထဲရောက်လာတာနဲ့ ဆဲဆိုသံတွေကြားရတယ်၊ ရွာလူကြီးအိမ်တန်းသွားပြီးတော့ ရွာလူကြီးကို နိုးပြီးဖမ်းတယ်၊ နောက်တော့ရွာထဲ လှည့်ပြီး လူငယ် ၅ ယောက်ကိုလည်းဖမ်းသွားတယ်၊ ကြည့်ရတာ စာရင်းနဲ့ လာဖမ်းသလိုပဲ၊ ဘာကြောင့်လဲတော့ မသိရဘူး” ဟု မြင်းကရွာ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲတို့သည် မြင်းကရွာလူကြီးကို ဖမ်းသွားသည့်အပြင် နေအိမ်ဝန်းအတွင်း ရပ်ထားသည့် Hijet ကားကိုလည်း သော့တောင်းပြီး မောင်းယူသွားကြောင်း သိရသည်။

“သူတို့က စစ်မေးစရာရှိလို့ ဆိုပြီး ရွာလူကြီးကို ခေါ်သွားမယ်တဲ့၊ ရပ်ထားတဲ့ကားကိုတွေ့တော့ ဒါဘယ်သူ့ကားလဲ သော့ပေးပါ၊ ဒီကားက တရားဝင်လို့လားဆိုပြီးလည်း ပြောသွားတယ်” ဟု ဖြစ်စဥ်များကို သိရသည့် ရွာသား တစ်ဦးကလည်း ပြောသည်။

ယမန်နေ့ ည ၈ နာရီဝန်းကျင်အချိန်တွင် ကလောမြို့ရှိ EPC ရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်သားနှင့် ရဲတို့က မြို့တွင်း လုံခြုံရေးတင်းကြပ်မှုများအပြင် အနီးပတ်ဝန်းကျင်ရှိ ရွာများအထိပါ ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...