ဆေးခန်းနှင့် ပညာဒါနကျောင်းအပါအဝင် နေရာ ၆ ခု ချိပ်ပိတ်ခံရ

ဆေးခန်းနှင့် ပညာဒါနကျောင်းအပါအဝင် နေရာ ၆ ခု ချိပ်ပိတ်ခံရ

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ဆေးခန်း၊ အခမဲ့ ပညာဒါနကျောင်း၊ လက်ဖက်ရည် ဆိုင် နှင့် နေအိမ်အချို့ အပါအဝင် နေရာ ၆ နေရာကို နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အင်အားသုံး ဝင်စီး ကာ ချိပ်ပိတ်လိုက်သည်။

အမှတ်(၈) ရပ်ကွက် ဇေယျဝတီလမ်းရှိ "ပညာပါရီ"ပညာဒါနစာသင်ကျောင်း၊ အမှတ်(၆)ရပ်ကွက် ရွေးဘိုတပ် လမ်းရှိ "ရွှေကျွန်း"ဆေးခန်း၊ အမှတ်(၁၃)ရပ်ကွက် ကင်မလင်း ကျွန်းလမ်း နှင့် အမှတ်(၁၄) ရပ်ကွက် ဥမ္မာဒန္တီ ၃ လမ်းရှိ လက်ဖက်ဆိုင် ၂ ဆိုင်၊ အမှတ်(၅ )ရပ်ကွက် မရမ်းချိုလမ်းရှိ နေအိမ် ၂ လုံး တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့် ရဲတပ်ဖွဲ့က စီးနင်းဝင်ရောက်ကာ ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"ယူနီဖောင်းဝတ်တွေတင် ၆၀ ကျော်တယ်။ လမ်းနှစ်ဘက်ကို ပိတ်ထားပြီး သေနတ်တွေနဲ့ ချိန်ထားတယ်။ အိမ် ပေါ်ကလူတွေကို ဆွဲချတာတွေ့တယ်" ဟု မျက်မြင်တွေ့ရှိသူ ပုသိမ်မြို့ခံတစ်ဦး က ပြောသည်။

ရဲ၊ စစ်သား၊ မီးသတ်များအပြင် အရပ်ဝတ် ဝတ်ထားသည့် သေနတ်အတို ကိုင်ထားသူများက ကား ၄ စီးနှင့် ဆိုင် ကယ်များပါ ရောက်ရှိလာပြီး ချိပ်ပိတ်ကြခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံ အချို့က ပြောသည်။

ချိပ်ပိတ်ခံရသည် နေရာ၊ အဆောက်အဦများမှာ စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသူများနှင့် ပတ် သက်ဆက်နွယ်သည်ဟု စွပ်စွဲခံရကာ ယခုကဲ့သို့ ဝင်စီး၍ ချိပ်ပိတ်ခံလိုက်ရခြင်းဖြစ်ကြသည်ဟု အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူများ၏ ပြောပြချက်များအရ သိရသည်။

ထိုကဲ့သို့ ချိပ်ပိတ်ခံရသည် နေရာပိုင်ရှင်များနှင့် ဆက်နွယ်သူအချို့သည်လည်း ပုဒ်မ အမျိုးမျိုးတပ်ကာ အဖမ်းခံ ထားရပြီး အချို့က ထွက်ပြေးတိမ်းရှောင် နေရကြရသူများဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက "ပုဒ်မ ၅၀၅၊ ၁၂၂၊ ၁၂၄ ဝရမ်းထုတ် ခံရတဲ့သူနဲ့ ဆက်နွယ်တဲ့ နေရာတွေ ကို ချိတ်ပိတ်တာလို့ သိရတယ်" ဟု ပြောသည်။

ယခုစစ်ကောင်စီ ချိပ်ပိတ်လိုက်သည့် နေရာ ၆ နေရာထဲက "ရွှေကျွန်း" ဆေးခန်းပိုင်ရှင်လည်းဖြစ်၊ ၁၉၉၀ ရွေး ကောက်ခံ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ဒေါက်တာစစ်တင်သည် တိမ်းရှောင်နေရစဉ်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးနောက် သြဂုတ်လအတွင်းက ကွယ်လွန်ခဲ့ပြီးဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဧရာဝတီတိုင်းထဲတွင် နိုဝင်ဘာလ လဆန်းပိုင်းမှ စတင်ပြီး ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ ကျုံပျော်မြို့က နေအိမ်၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်သည်ဟု စွပ်စွဲချက်ဖြင့် ရေကြည်မြို့နယ်ထဲက နေအိမ် ၇လုံး၊ ဖျာပုံမြို့ တွင် နေအိမ် ၂ လုံး တို့ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပြီးနောက် ယခု ပုသိမ်မြို့တွင် ထပ်မံချိပ်ပိတ်သိမ်းခြင်း ဖြစ် သည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...