စစ်ကောင်စီက အမျိုးသားတစ်ဦးကိုတစ်လနီးပါးဖမ်းဆီးပြီးနောက် သေဆုံးပြီဟု မိသားစုထံအကြောင်းကြားသော်လည်း အလောင်းပြန်မပေး

စစ်ကောင်စီက အမျိုးသားတစ်ဦးကိုတစ်လနီးပါးဖမ်းဆီးပြီးနောက် သေဆုံးပြီဟု မိသားစုထံအကြောင်းကြားသော်လည်း အလောင်းပြန်မပေး

ချင်းပြည်နယ် ဟားခါးမြို့တွင် အာဏာသိမ်းစစ်ကောင်စီက အသက် ၂၄ နှစ်အရွယ် အမျိုးသား Pu Rual Cung ကို တစ်လနီးပါး ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် သေဆုံးသွားပြီဟု မိသားစုဝင်များထံ အကြောင်းကြားလာသော်လည်း အလောင်းပြန်မပေးခဲ့ကြောင်း သိရသည်။

ဟားခါးမြို့မှ ၃ မိုင်ခန့်အကွာ နှီယာန်လောန်ထာရ်ရွာတွင်နေထိုင်သော Pu Rual Cung သည် ပြီးခဲ့သည့် အောက်တို ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့်နောက်ပိုင်း မိသားစုနှင့်လည်းအဆက်အသွယ်မရတော့ပဲ တစ်လနီးပါး အကြာ နိုဝင်ဘာလ ၉ ရက်နေ့တွင် သေဆုံးသွားပြီဟု စစ်ကောင်စီက မိသားစုထံအကြောင်းကြားခဲ့ကြောင်း ဟားခါးမြို့မှ ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့ရွာဘက်မှာ ပြီးခဲ့တဲ့လက CDF နဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်တာရှိတယ် အဲဒီပစ်ခတ်မှုဖြစ်ပြီးနောက်မှာ ရွာသားတွေအဖမ်းခံရတော့ သူလည်းပါသွားတယ်၊ သူ့အဖေဆီကို စစ်ကောင်စီတွေက ဖုန်းလှမ်းဆက်တော့ နင့်သား သေပြီ အလောင်းလည်းပြန်မရနိုင်ဘူးဆိုပြီး အကြောင်းကြားလာတာ” ဟု ၎င်းကပြောသည်။

ကလေး ၃ ယောက်ဖခင်ဖြစ်သည့် Pu Rual Cung သည် တောင်ယာခြံစိုက်ခင်းကိုသွားရာမှ စစ်ကောင်စီတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံရခြင်းဖြစ်သည်ဟုသိရပြီး ဖမ်းဆီးချုပ်နှောင်ချိန်ကာလတွင်လည်း မိသားစုဝင်များနှင့် တွေ့ဆုံဆက်သွယ်ခွင့်မရရှိခဲ့ပေ။

Pu Rual Cung ၏ အသုဘအစီစဉ်ကို ယမန်နေ့ညက အလောင်းမပါပဲ ဆုတောင်းပွဲပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဟားခါးမြို့မှ ဦးတလဲရ်လိန်းနှင့် ဦးခမ်းဘွေတို့နှစ်ဦးကို ဖမ်းဆီးကာ စစ်ဆေးရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားခဲ့ကြသည်ကို ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးပြီး မီးသဂြိုလ်လိုက်သည်ဟု မိသားစုများထံ ပြန်လည်အကြောင်းကြားခဲ့သည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...