ဖောက်ခွဲရေး ပစ္စည်း သံသယဖြင့် နေအိမ် ၇ လုံး ချိပ်ပိတ်ခံရ

ဖောက်ခွဲရေး ပစ္စည်း သံသယဖြင့် နေအိမ် ၇ လုံး ချိပ်ပိတ်ခံရ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် ဗုံးပေါက်ကွဲမှု တစ်ခုနှင့် ပတ်သက်မှုရှိသည်ဟု စွပ်စွဲပြီး  နေအိမ် ၇ လုံးကို စစ်ကောင်စီက နိုဝင်ဘာလ ပထမအပတ်ထဲတွင် ချိပ်ပိတ်လိုက်သည်။

နေအိမ်တစ်အိမ်ကို ရောက်ရှိလာသည့် ပါဆယ်ထုပ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အဆိုပါနေအိမ်အပါအဝင် ၎င်းနှင့် နီးစပ်သူ ၆ ဦး၏ အိမ်များကို နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်၍ တစ်အိမ်းချင်း စစ်ကောင်စီက ချိပ်ပိတ် လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"ကိုမျိုးမင်းသန်းကို လက်လုပ်ဗုံး စမ်းသပ်တယ်လို့ စွပ်စွဲပြီး စဖမ်းတယ်။ အိမ်ကိုချိပ်ပိတ်တယ်။ အခုသူနဲ့ နီး စပ်သူ ၆ ဦးထဲက ရေကြည်မြို့ပေါ်မှာနေတဲ့ ကိုစည်သူလည်း ထပ်အဖမ်းခံထားရတယ်" ဟု ရေကြည်မြို့ခံ ဦးမောင်မောင်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့က ဦးမျိုးမင်းသန်း၏ အိမ်သို့ရောက်လာသည့် ပါဆယ်ထုပ်မှ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ နေအိမ် ၇ လုံး စစ်ကောင်စီက လိုက်လံ ချိပ်ပိတ် သိမ်းဆည်းခြင်း ဖြစ်သည်ဟု ရေကြည်မြို့ခံများက ပြောသည်။

ဦးမျိုးမင်းသန်းပါအဝင် ဦးစည်သူ ဆိုသူကိုလည်း အဆိုပါ ဗုံးပေါက်ကွဲနှင့် ပတ်သက်၍ စစ်ကောင်စီက ဖမ်းဆီး ထားသည်။

ယခုချိပ်ပိတ်ခံလိုက်ရသည့် ဦးမျိုးမင်းသန်းနှင့် နီးစပ်သူ ၆ ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကို ဝန်းရံထောက်ခံကြသူများဖြစ်ပြီး ၅ ဦး က လွတ်မြောက်နေဆဲဖြစ်သည်ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦး က ပြော သည်။

ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာက ဦးမျိုးမင်းသန်း၊ ဦးမိုးသီး၊ ဦးနိုင်အောင်၊ ဦးဝင်းထွဋ်တို့၏ နေအိမ်များ၊ ကညင်ငူကျေးရွာက ဦးဇေယျာ၏နေအိမ်၊ ရေကြည်မြို့ပေါ်က ဦးစည်သူနှင့် ဦးထွန်းအောင်တို့ ၏ နေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက အတည်ပြုပြောသည်။

ချိပ်ပိတ်ခံရသည့် အိမ်ရှင် မိသားစုဝင်တစ်ဦးက "အိမ်တွေ ချိတ်ပိတ်ခံရတော့ ကျန်တဲ့မိသားစုတွေက နီးစပ်ရာ အမျိုးအိမ်တွေ၊ ခြံတွေမှာနေကြရတယ်" ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ချိပ်ပိတ်ထားသည့် နေအိမ်များအနီးတွင် အရပ်ဝတ်များဖြင့် ကင်းပုန်းချကာ စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟုလည်း ဒေသခံအချို့က ပြောသည်။

ပေါက်ကွဲစေတတ်သည့် ပစ္စည်းများပြုလုပ်ကြောင်း သိရှိရမှု၊ လက်ဝယ်တွေ့ရှိမှုနှင့် အကြမ်းဖက်မှုများတွင် ပါဝင် သည်ဟုဆိုကာ အထက်ပါပုဂ္ဂိုလ် ၇ ဦး ၏ နေအိမ်များကို ချိပ်ပိတ်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် အဖမ်းခံရထားရသည့် ဦးစည်သူက ပုဒ်မ ၅၀၅ (က)ဖြင့် အဖမ်းခံခဲ့ရပြီး ပထမအကြိမ် လွတ်ငြိမ်းချမ်း သာဖြင့် ပြန်လွတ်လာပြီးနောက် ယခုတစ်ကြိမ် ထပ်မံ အဖမ်းခံရသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ အချို့၏ ပြောပြ ချက်အရ သိရသည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...