မော်လမြိုင်တွင် ရဲဝန်ထမ်းဟောင်းတစ်ဦး ပစ်သတ်ခံရ

မော်လမြိုင်တွင် ရဲဝန်ထမ်းဟောင်းတစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးနှင့် မိတ်ဖက်အဖွဲ့ က မွန်ပြည်နယ် မော်လမြိုင်မြို့ မောင်ငံရပ်ကွက်တွင် ရဲဝန်ထမ်းဟောင်းတစ်ဦးကို ပစ်သတ်လိုက်သည်ဟု ထုတ်ပြန်သည်။

ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးသိန်းထွန်းဦးကို မောင်ငံရပ်ကွက်၊ ရွှေဗျိုးဖြူဘုရားအနီးတွင် နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က သေနတ်သမားနှစ်ဦးက လာရောက် ပစ်ခတ်သွားခဲ့သည်ဟု မြို့ခံများ က ပြောသည်။

ဦးသိန်းထွန်းဦးသည် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် အခင်းဖြစ်ပွားသည့် နေရာ တွင်ပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

မြို့ခံတစ်ဦးက "သေနတ်သံ ၃ ချက်ကြားရတယ်။ သေနတ်ပစ်ခံရတဲ့လူက ရဲထွက် လို့ ပြောတယ်။ သေချာတော့ မသိဘူး။ တွေ့ တဲ့လူတွေ ပြောတာက အပစ်ခံရပြီးတော့ အဲနေရာမှာပဲ လဲကျ သေသွားတယ်လို့ ပြောတယ်" ဟု ပြောသည်။

ရဲဝန်ထမ်းဟောင်း ဦးသိန်းထွန်းဦးသည် PDF များကို ခြိမ်းခြောက်ကာ စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပြည်သူကို ဒုက္ခပေးနေသည့်အတွက် ယခုကဲ့သို့ သုတ်သင်ရှင်းလင်းရခြင်းဖြစ်သည်ဟု မွန်ပြည်နယ် နွေဦးတော်လှန်ရေး တပ်ဦးနှင့် မိတ်ဖက်အဖွဲ့အစည်းတို့က နိုဝင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဦးသိန်းထွန်းဦး ပစ်သတ်ခံရပြီးနောက် မော်လမြိုင်မြို့ပေါ် ရပ်ကွက်အများစုတွင် စစ်ကောင်စီတပ်ဖွဲ့က ပိတ်ဆို့ ရှာဖွေ စစ်ဆေးခြင်းများ လုပ်ဆောင်နေသည်ဟုလည်း မြို့ခံများက ပြောသည်။

မော်လမြိုင်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရသည်။

ထို့အပြင် အောက်တိုဘာလ ၈ ရက်နေ့တွင် မောင်ငံရပ်ကွက်မှ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံထားရသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်မြို့ပေါ်တွင်လည်း ပြည်နယ်အတွင်းက အခြားသောမြို့နယ် များကဲ့သို့ ဗုံးပေါက်ကွဲမှုဖြစ်စဥ်များ မကြာခဏဖြစ်ပွားလေ့ရှိသည့်အပြင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်သတ်ခံရသည့်ဖြစ်စဥ်လည်း ဆက်တိုက်ဖြစ်ပွားနေသည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...