ချင်းပြည်သူများနှင့်အတူ ရပ်တည်ကြောင်း KNU သဘောထားထုတ်ပြန်

ချင်းပြည်သူများနှင့်အတူ ရပ်တည်ကြောင်း KNU သဘောထားထုတ်ပြန်

ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် အသက်အိုးအိမ် စည်းစိမ်ထိခိုက်ပျက်စီးခံခဲ့ရသည့် ချင်းပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ကြေညာခဲ့သည်။

 

လက်နက်မဲ့ အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ပြုမူသော မြန်မာ့တပ်မတော်ကို ၎င်းတို့ အနေဖြင့် အပြင်းအထန် ရှုတ်ချပြီး စစ်အာဏာရှင် အမြစ်ပြတ်စေရန်နှင့် ချင်းပြည်နယ်မှ သွေးချင်းမောင်နှမများနှင့်အတူ အစဉ်အမြဲ ရပ်တည်လျက်ရှိကြောင်း KNU ဘက်က ထုတ်ပြန်ခဲ့သည်။

 

ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့က ချင်းပြည်နယ် ၊ ထန်တလန် မြို့အတွင်း ရှိ ဘာသာရေးအဆောက် အဦးများအပါအဝင် လူနေအိမ် ၁၆၀ ကျော် မီးရှို့ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး KNU က ယခုလို သဘောထား ထုတ်ပြန်ခြင်းဖြစ်သည်။

 

ယမန်နေ့ မီးရှို့မှု ဖြစ်စဉ်တွင် ထန်တလန်မြို့အတွင်းရှိ ဇုန်မွှန်၊ လုံတီလ်၊ TABC နှင့် Bikinn၊ TABC Sang၊ Lungtial Sang စသည့် ရပ်ကွက်များမှ လူနေအိမ် ၁၆၀ ကျော် နှင့် ခရစ်ယာန်ဘုရား ရှိခိုးကျောင်း ၂ ကျောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

 

အဆိုပါ စစ်ကောင်စီ၏ လုပ်ရပ်များသည် လွန်ခဲ့သည့် ဆယ်စုနှစ်များက ကရင်လူမျိုးများ နေထိုင်ရာ ဒေသများ တွင် မြန်မာစစ်တပ်မှ အသုံးပြုသော ဖြတ်လေးဖြတ်စစ်ဆင်ရေးများကို ပြန်လည်သတိရစေကြောင်းနှင့် အဆိုပါ စစ်ဆင်ရေးကြောင့် ခရစ်ယာန်ဘုရားကျောင်းများအပါအဝင် ကရင်ကျေးရွာပေါင်း ၃၀၀၀ ကျော် မီးရှို့ ဖျက်ဆီး ခံခဲ့ရပြီး သိန်းနှင့်ချီသည့် ဒေသခံရွာသားများ အတင်းအဓမ္မနှင်ထုတ်ခံခဲ့ရကြောင်း KNU ၏ သဘောထား ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

ယမန်နေ့က ဖြစ်ပေါ်ခဲ့သည့် ထန်ထလန်မြို့ရှိ ဘာသာရေး အဆောက်အဦးများနှင့် လူနေအိမ်များကို မီးရှို့ဖျက် ဆီးခံရမှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်က ထိုနေ့တွင် စွပ်စွဲ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...