ကျောင်းဖွင့်ပါက လုံခြုံရေးစိုးရိမ်ရဟု ဧရာဝတီတိုင်း ဆရာ/မများပြော

ကျောင်းဖွင့်ပါက လုံခြုံရေးစိုးရိမ်ရဟု ဧရာဝတီတိုင်း ဆရာ/မများပြော

အခြေခံပညာ ကျောင်းများကို ဖိအားပေး ဖွင့်လှစ်ခိုင်းနေ၍ ဧရာဝတီတိုင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများက လုံခြုံရေးအတွက် စိုးရိမ်နေကြသည်။

အထူးသဖြင့် Non CDM ဆရာ၊ ဆရာမများသည် လူထုပူးပေါင်းကူညီမှုရှိနေသည့် PDF များ၏ မြို့ပြပြောက်ကျား စစ်ဆင်ရေးများကြောင့် စိုးရိမ်နေပြီး စစ်ကောင်စီ၏ တိုက်ခိုက်ခံရမှုပြီးမှ နီးစပ်ရာကောက်ဖမ်းသည့် လုံခြုံရေး အစီအမံများကိုလည်း စိတ်ပျက်သည်ဟု ပညာရေးဝန်ထမ်းအချို့က ပြောသည်။

"သူတို့တောင်ကြောက်လို့ လုံခြုံရေးအပြည့်နဲ့ နေကြပြီး ကျနော်တို့ကျတော့ ဘာ အကာအကွယ်မှမပေးနိုင်ပဲ ကျောင်းဖွင့်ခိုင်းနေတာက အသလွတ်သေခိုင်း သလိုဖြစ်နေတယ်" ဟု ဧရာဝတီတိုင်းအတွင်းရှိ Non CDM  မြို့နယ်ပညာရေးမှုးတစ်ဦးက ပြောသည်။

ကျောင်းတက်မည့် ကျောင်းသူ/ကျောင်းသားများ နှင့် ဆရာ/ဆရာမများအတွက် လုံခြုံရေးအစီအမံ အလွန်အားနည်းနေသည်ဟု စစ်ကောင်စီ လက်အောက်ခံ ပညာရေး ဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။

လာမည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများ ပြန်ဖွင့်ရန်နှင့် အဝေးသင်တက္ကသိုလ် ပထမနှစ် ကျောင်းသားများအား ကျောင်းအပ်လက်ခံရန် စစ်ကောင်စီက ဖိအားပေးခိုင်းစေနေသည်ဟု သိရသည်။

ဧရာဝတီတိုင်းအတွင်း၌ စစ်ကောင်စီ၏ သတင်းပေး ထောက်တိုင်များ၊ ရဲများ၊ စစ်သားများကို PDF ပြောက်ကျားများက နည်းမျိုးစုံဖြင့် တိုက်ခိုက်နေသဖြင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအတွက် လုံခြုံမှုရှိရန် လိုအပ်သည်ဟု အထက်ပါ Non CMD မြို့နယ်ပညာရေးမှူးက ဆက်ပြောသည်။

စစ်အာဏာသိမ်းခြင်း လက်မခံသည့် ကျောင်းသားများလည်း ရှိသည့်အတွက် ကျောင်းဖွင့်လျှင် လူစုခွင့်ပေးသလိုဖြစ်ပြီး ဆန္ဒပြပွဲများဖြစ်လာမည်ကို စိုးရိမ်းနေသကဲ့သို့ ကျောင်းတွင် အဓိကရုဏ်း တစ်ခုခုဖြစ်လျှင်လည်း မိမိတို့၏ သားသမီးများကို လူသားခံတပ်အဖြစ် အသုံးချမည်ကို စိုးရိမ်သည်ဟုလည်း ကျောင်းသားမိဘ အချို့က ပြောသည်။

"သူတို့က နိုင်ငံရေးအရ ဟန်ပြသက်သက် ကျောင်းအဖွင့်ပြချင်တာ။ ဘာမှပြင်ဆင်မထားဘူး။ သားသမီးတွေ ကျောင်းမပို့ကြဖို့ မိဘတွေကို အကြံပေး ချင်တယ်" ဟု CDM ဆရာမတစ်ဦးက ပြောသည်။

စစ်ကောင်စီ အနေဖြင့် ဧရာဝတီတိုင်းအပြင် နေရာဒေသအနှံအပြားတွင် ဖြစ်ပေါ်နေသည့် PDF များ၏ ပြောက်ကျားထိုးစစ်များကြောင့် ၎င်းတို့၏ လက်အောက်ခံဝန်ထမ်းများ နှင့် ထောက်ခံသူအချို့ကိုပင် လုံခြုံရေးပေးရန် အင်အား လုံလောက်မှုမရှိသည့်အတွက် အခက်အခဲရှိနေသည်ဟု နတခမှ အငြိမ်းစား ဗိုလ်ကြီးတစ်ဦးက ပြောသည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အငြိမ်းစား ဗိုလ်ကြီးတစ်ဦးက “တကယ်တကယ်တော့ တပ်မတော်ရဲ့ အင်အားအမှန်ဆိုတာ ရိက္ခာထုတ်အင်အားပဲရှိတာ တကယ်ရှိတာမှမဟုတ်တာ“ ဟု ပြောသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်အချို့ ပြန်ဖွင့်ခဲ့ပြီးနောက် တစ်လအကြာ ဇူလိုင်လ ၁ ရက်နေ့တွင် ကျောင်းများကို ရက်အကန့်အသတ်မရှိ ပြန်ပိတ်ခဲ့ရသည်မှာ ယနေ့အချိန်ထိဖြစ်သည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...