ပုသိမ်ရှိ NLD ပါတီရုံး မိုင်းခွဲဖျက်ဆီးခံရ

ပုသိမ်ရှိ NLD ပါတီရုံး မိုင်းခွဲဖျက်ဆီးခံရ

ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ စစ်ကောင်စီက ချိတ်ပိတ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံး အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်အစောပိုင်း ၃ နာရီခန့်က မိုင်းခွဲဖျက်ဆီးခံရသည်။

ပုသိမ်မြို့ အမှတ် ၅ ရပ်ကွက် ပုသိမ်နယ်မြေ ရဲစခန်းအနီး ဧရာဝတီဆေးရုံလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ မြို့နယ်ရုံးတွင် မိုင်းကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"ပေါက်ကွဲသံက NLD ရုံးနဲ့ ၁ မိုင်လောက်ဝေးတဲ့နေရာက တောင်ကြားရတယ်။ မနက်ကြတော့မှ NLD ရုံး မိုင်းခွဲခံရမှန်းသိတာ" ဟု ပုသိမ်တစ်ဘက်ကမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် ရုံးအောက်ထပ်၊ အဝင်/အထွက် သံဘာဂျာတံခါး၊ ပရိဘောဂပစ္စည်းများနှင့် အထပ် ၃ ထပ်ရှိ နေရောင်ကာမှန်များ ပျက်စီးသွားသည်ဟု ယင်းရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

မိုင်းခွဲဖျက်ဆီးခံရသည့် NLD မြို့နယ်ရုံး၏ အနီးဝန်းကျင်တွင် ရဲစခန်း၊ အကျဉ်းထောင်၊ SB တပ်ဖွဲ့ရုံး၊ မီးသတ်တပ်ဖွဲ့များ ရှိနေသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း အချိန်ပြည့် စောင့်ကြည့်နေသည့်ကြားက ဖျက်ဆီးခံရလိုက်ရခြင်းဖြစ်သည်ဟု NLD ပါတီဝင်တစ်ဦးက ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဒေသခံ ဦးခင်ဝင်းကလည်း “သာမန်လူ အပြင်မထွက်ရ ၁၄၄ ထုတ်ထားတဲ့အချိန်မှာ ပေါက်ကွဲတာ။ ပတ်လည်မှာက စစ်သား၊ ရဲ၊ မီးသတ်ရှိတယ်။ အဲတော့ ဒီဖောက်ခွဲမှုကို စစ်တပ်ကမလုပ်ရင် ဘယ်သူကမှမလုပ်နိုင်ဘူး" ဟု မှတ်ချက်ပြုပြောဆိုသည်။

စစ်ကောင်စီက NLD ပါတီရုံးများကို တိတ်တဆိတ် မိုင်းခွဲဖျက်နေခြင်းနှင့် ဒလန်များ၊ ပျူစောထီးများမွေး၍ အာဏာသိမ်းမှုဆန့်ကျင်သူများ ဖမ်းဆီးနေခြင်းမှာ ပြည်သူအချင်းချင်း အပြန်အလှန်တိုက်ခိုက်မှု ပိုမိုကြီးထွားလာစေရန် ရည်ရွယ်ပြီး လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူအချို့က ပြောသည်။

ပုသိမ်မြို့တွင် အမှတ် ၂ ရပ်ကွက် ကမ်းနားလမ်းရှိ NLD တိုင်းရုံး၊ အမှတ် ၆ ရပ်ကွက် ဘန့်ဘွေးကုန်းလမ်းရှိ NLD ပုသိမ်ခရိုင်ရုံးနှင့် ယခုဖောက်ခွဲဖျက်ဆီးခံလိုက်ရသည့် မြို့နယ် NLD ရုံးတို့ကို အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ချိတ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...