ထွက်ပြေးနေသောရွာသားများအား နှစ်ရက်အတွင်း အိမ်ပြန်လာရန် စစ်ကောင်စီ အမိန့်ထုတ်

ထွက်ပြေးနေသောရွာသားများအား နှစ်ရက်အတွင်း အိမ်ပြန်လာရန် စစ်ကောင်စီ အမိန့်ထုတ်

စစ်ကောင်စီကိုကြောက်၍ ရွာလုံးကျွတ်ထွက်ပြေးနေသော မကွေးတိုင်း သရက်မြို့နယ်အတွင်းရှိ ပုဏ္ဏားကျွန်းရွာသားများအား နှစ်ရက်အတွင်း ပြန်မလာပါက အိမ်ရှိပစ္စည်းများ သိမ်းယူမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

ပုဏ္ဏားကျေးရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင် တပ်စွဲထားသည့်စစ်တပ်က ကြေညာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်းကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတွင် ပါဝင်ခဲ့ဖူးသူလူငယ်များ၊ ဒီမိုကရေစီအရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူ လူငယ်များ အယောက် ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်နေသဖြင့် လူငယ်များအပါအဝင် ရွာသူ/သားများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

အောက်တိုဘာလဆန်းပိုင်းက ပုဏ္ဏားကျေးရွာအနီးရှိ သရက်နှင့်ကံမ PDF က ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့၍ လက်တုန့်ပြန်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ပုဏ္ဏားကျေးရွာကို ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။

”ပုဏ္ဏားကျွန်းရွာက လုပ်တာမဟုတ်ဘဲ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ နီးတာမို့ ရမ်းခံနေကြရတာ။ PDF ကလည်း သူတို့လုပ်တာ ဝန်ခံထားတာဘဲ” ဟု အသက် ၅၀ အရွယ် ပုဏ္ဏားကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာသည် ဖက်ဆစ်ဂျပန်များကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် စစ်ကြေညာခဲ့သည့် ကျေးရွာဖြစ်ပြီး မော်ကွန်းကျောက်စာတိုင်လည်းရှိသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...