ပုလောတွင် ဒလန်ဆိုသူတစ်ဦး သေနတ်ဖြင့်ပစ်ခံရ

ပုလောတွင် ဒလန်ဆိုသူတစ်ဦး သေနတ်ဖြင့်ပစ်ခံရ

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းတွင် ဒလန်ဟု စွပ်စွဲခံရသူတစ်ဦး အောက်တိုဘာ ၂၂ ရက် ညပိုင်းက ပစ်သတ်ခံရသည်ဟု ဒေသခံများက ပြောသည်။

နန်းတောင်ကျေးရွာအုပ်စု ကျောက်နိမ့်ကျေးရွာမှ ဒလန်ဟု နာမည်ကျော်ဇောသူ ဦးသာဝ နေအိမ်တွင်ရှိနေစဉ် အမည်မသိအဖွဲ့တစ်ဖွဲ့က လာရောက် ပစ်ခတ်သွားခြင်းဖြစ်ပြီး ပစ်ခတ်ခံရချိန်တွင် ကျေးရွာအတွင်းတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးနှင့်အတူ ပြည်သူစစ်များလည်းရှိနေသည်ဟု ရွာသားများက ပြောသည်။

“သူက ရွာအနီးနားတဝိုက်က PDF တွေနဲ့ NLD အဖွဲ့ဝင်တွေရဲ့ သတင်းတွေကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတွေကို သတင်းပေးပို့နေတာ” ဟု အသက် ၄၀ အရွယ်ခန့် ကျောက်နိမ့်ကျေးရွာသားတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးသာဝသည် ဆီးခုံတွင် သေနတ်ဒဏ်ရာရရှိပြီး ပုလောမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားရသည်ဟု ၎င်းရွာသားက ဆက်ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မိနစ်အနည်းငယ်ခန့်အကြာ သေနတ်ပစ်သံကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များ စစ်ကူရောက်လာခဲ့ပြီး သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်မှုများအပြင် လက်နက်ကြီးဖြင့်လည်း တစ်ချက် ပစ်ခတ်ခဲ့သည်ဟု ကျောက်နိမ့်ကျေးရွာသားများက ပြောသည်။

နန်းတောင်ကျေးရွာအုပ်စု၊ ကျောင်းနိမ့်ကျေးရွာသည် KNU တပ်မဟာ ၄၊ တပ်ရင်း ၇၊ တပ်ခွဲ ၂ ထိန်းချုပ်နယ်မြေအနီးတွင်ရှိသည်။

ယင်းကျေးရွာအနီးရှိ ဒူးရင်းပင်ရှောင်ကျေးရွာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များနှင့် KNU တပ်မဟာ ၄၊ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ စက်တင်ဘာလက တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် နန်းတောင်၊ ကျောက်နိမ့်ရွာသားများ အပါအဝင် အနီးအနားက ဒေသခံများ ပုလောမြို့ပေါ်နှင့် တောတောင်များ အတွင်းသို့ လူဦးရေတစ်ထောင်နီးပါးခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...