မအူပင်ရဲစခန်းအတွင်း ဗုံးနှစ်လုံးပေါက်ကွဲ

မအူပင်ရဲစခန်းအတွင်း ဗုံးနှစ်လုံးပေါက်ကွဲ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မရဲစခန်းဝန်းအတွင်း မိနစ် ၂၀ ခန့်ခြား၍ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်။

ရဲစခန်း၏ အိမ်ထောင်သည်လိုင်းခန်းထောင့်တွင် အောက်တိုဘာ ၁၅ ရက်နေ့ ည ၆ နာရီ ၄၀ မိနစ်အချိန်ခန့်က ပထမဗုံးပေါက်ကွဲခဲ့ပြီး ၇ နာရီအချိန်ခန့်တွင် ရဲစခန်း၏ အရှေ့တွင် ပေါက်ကွဲမှု နောက်တစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ရဲစခန်းအနီး နေထိုင်သူများက ပြောသည်။

ဗုံးပေါက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး မအူပင်မြို့မရဲစခန်းနှင့် အနီးဝန်းကျင်များကို စစ်ဆေးရာ မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးလည်း ထပ်မံတွေ့ရှိခဲ့ရာ ဖောက်ခွဲဖျက်ဆီးလိုက်သည်ဟု ရဲစခန်းအနီး နိုင်ထိုင်သူများ၏ ပြောပြချက်အရ သိရသည်။

ယခုရက်ပိုင်းအတွင်း မအူပင်မြို့တွင် စစ်ကောင်စီက ဒေသခံပြည်သူများအပေါ် နိုင်ထက်စီးနင်း အနိုင်ကျင့်မှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

"စစ်သားနဲ့ရဲတွေက ဘိနပ်မစီးတဲ့ ကုန်ထမ်းအလုပ်သမားတွေကိုလည်း ဖားခုန်ခုန်ခိုင်းတယ်။ အချို့သူတွေဆို ပလက်ဖောင်းပေါ်ကမလျှောက်လို့ဆိုပြီး ငွေ ၃၀၀၀ ကျပ်စီတောင်းတယ်။ အမျိုးမျိုး အနိုင်ကျင့်ငွေညှစ်နေကြတယ်" ဟု မအူပင်ဒေသခံ ကိုတင်လှက ပြောသည်။

ယခု ဗုံးဖောက်ခွဲတိုက်ခိုက်မှုသည် မအူပင် မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစုတို့၏ ပူးပေါင်းလုပ်ဆောင်ချက်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာထားသည်။

မအူပင်မြို့တွင် အောက်တိုဘာ ၁၁ ရက်နေ့ နံနက်ပိုင်းကလည်း ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၁၁ ရက်နေ့က မအူပင်မြို့၊ မြို့သစ် ၇ လမ်းရှိ စစ်ကောင်စီတပ်ဖွဲ့များ အဝင်အထွက်ရှိသည့် အရက်ဆိုင်ရှေ့တွင် တစ်ကြိမ်၊ အမှတ် ၄ ရပ်ကွက် ကမ်းနားလမ်း အလက - ၁ ကျောင်းဝင်းအနီးတွင် စစ်တပ်က ဆိုင်ကယ်များ ဖမ်းဆီးစစ်ဆေးနေစဉ် တစ်ကြိမ် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။

စက်တင်ဘာလ ၇ ရက်နေ့က အမျိုးသားညီးညွတ်ရေးအစိုးရ NUG က ခုခံတော်လှန်စစ်စတင်ကြောင်း ကြေငြာပြီးနောက် ဧရာဝတီတိုင်းအတွင်းက ပုသိမ် သင်္ဘောကျဉ်းရဲစခန်းကို PDF က ဗုံးနှစ်လုံးခွဲ တိုက်ခိုက်ခဲ့သေးသည်။

ထို့အပြင် ပုသိမ်မြို့လယ် ဘဏ်အနီးရှိ စစ်ကောင်စီတပ်၏ ယာယီကင်းစခန်း ဗုံးခွဲတိုက်ခိုက်ခံရမှုတွင်လည်း စစ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရှိခဲ့သည်။

 
 

 

 

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...