စရဖ ရုံးရှေ့ရပ်ထားသည့် အရာရှိကား ဗုံးပစ်ခွဲခံရ

စရဖ ရုံးရှေ့ရပ်ထားသည့် အရာရှိကား ဗုံးပစ်ခွဲခံရ

မြိတ်ခရိုင်၊ တနင်္သာရီမြို့ရှိ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးအရှေ့တွင် ရပ်နားထားသည့် အရာရှိကားအား ဗုံးပစ်ခွဲခံရ၍ အရာရှိ ဒဏ်ရာရရှိသွားသည်ဟု တနင်္သာရီမြို့ခံများက ပြောသည်။

ချောင်းငယ်ရပ်၊ အာယုလမ်း ကူးတို့ဆိပ်လမ်းဆုံအနီးရှိ စရဖရုံးအရှေ့သို့ အမည်မသိလူနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ရပ်နားထားသည့် ကားအတွင်း ဗုံးပစ်သွင်းခဲ့ခြင်းဖြစ်သည်ဟု ချောင်းငယ်ရပ်တွင်နေထိုင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“အသံကတော်တော်ကြမ်းတာ။ မြေကြီးရော အိမ်ပါတုန်သွားတာ။ တီဗွီကြည့်နေရင်း အသံကြားလို့ ထွက်ကြည့်တာ ကားတစ်စီးလုံး မီးခိုးလုံးတွေ ဖုံးသွားတယ်” ဟု ပြောသည်။

အောက်တိုဘာ ၁၄ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကားအတွင်းရှိနေသည့် ဗိုလ်ကြီးမင်းဆွေဦး ဒဏ်ရာ အပြင်းအထန်ရရှိသွားကာ ကားလည်းပျက်စီးသွားသည်။

အခင်းဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး အခင်းဖြစ်ပွားရာလမ်းတလျှောက် သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အနီးရှိ လူနေအိမ်များနှင့် ကုန်စုံဆိုင်တစ်ဆိုင်ကိုလည်း ရိုက်ချိုးဖျက်ဆီးခံကြသည်ဟု တနင်္သာရီမြို့ခံများက ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ချောင်းကြီးရပ်မှ လူငယ်နှစ်ဦး၊ ချောင်းငယ်ရပ်မှ လူငယ်တစ်ဦးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မသင်္ကာဟု ဆိုကာ ညတွင်းချင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အောက်တိုဘာ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် ချောင်းငယ်ရပ်မှ လူငယ်တစ်ဦးကို ပြန်လွှတ်ပေးခဲ့သည်။

သို့သော် အခြားချောင်းကြီးရပ်က လူငယ်နှစ်ဦးကိုတော့ ယနေ့အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်မေးမြန်းနိုင်ရန်အတွက် တနင်္သာရီ မြို့မရဲစခန်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...