AA နှင့်ဆက်စပ်ပြီး အကြမ်းဖက်ပုဒ်မဖြင့်တရားစွဲခံနေသူ သံတွဲထောင်မှ ၃ ဦးလွတ်ပြီး ကျောက်ဖြူထောင်မှ လွတ်မြောက်လာသူမရှိသေး

AA နှင့်ဆက်စပ်ပြီး အကြမ်းဖက်ပုဒ်မဖြင့်တရားစွဲခံနေသူ သံတွဲထောင်မှ ၃ ဦးလွတ်ပြီး ကျောက်ဖြူထောင်မှ လွတ်မြောက်လာသူမရှိသေး

ရခိုင်တွင် AA နှင့်ဆက်စပ်ပြီး အကြမ်းဖက်ပုဒ်မများဖြင့် အမှုရင်ဆိုင်နေရသူ ၃ ဦး ယနေ့ ညနေပိုင်းက သံတွဲထောင်မှ လွတ်မြောက်လာခဲ့ပြီး ကျောက်ဖြူထောင်မှ လွတ်မြောက်လာသူမရှိသေးကြောင်း လွတ်မြောက်လာသူစာရင်းကို ပြုစုနေသည့် ရခိုင့်နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာဝေဟင်အောင်က ပြောသည်။

“လက်ရှိသတင်းအရ သံတွဲက ၃ ယောက်တော့လွတ်သွားပြီ။ ကျောက်ဖြူကတော့ လွတ်ဖို့စာရင်းတွေဘာတွေ လုပ်ပြီးတော့ နောက်ပိုင်းမှာ မိန်းမ ၃ ယောက်ပါတဲ့အတွက် ဒီနေ့ညပိုင်းတော့ မလွတ်တော့ဘူး။ မနက်ဖြန်မနက် ၇ နာရီလွှတ်ပေးဖို့ပြောတယ်။ အဲ့မှာက စုစုပေါင်း ၃၇ ယောက်သေချာတယ်” ဟု ပြောသည်။

လွတ်မြောက်လာသူ ၃ ဦးမှာ သံတွဲခရိုင်တရားရုုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ  ၅၀(ဈ) နှင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ် ကမားကျေးရွာမှ ကိုအောင်လွင်စိုး၊ လမူးကျေးရွာမှ ကိုစံချစ်အောင်နှင့် ဦးလှသန်းအောင်တို့ဖြစ်ကြသည်။

၎င်းတို့ ၃ ဦးသည် ယနေ့ အောက်တိုဘာလ ၁၅ ရက် ညနေပိုင်းတွင် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်ဟု သံတွဲအကျဉ်းထောင်မှူး ဦးရန်ကျော်က နိရဥ္စရာကိုအတည်ပြုသည်။

“ကျွန်တော့်ဆီကတော့ ၃ ယောက်လွတ်ပါတယ်” ဟု ပြောသည်။

၎င်းတို့ ၃ ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်းက တောင်ကုတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့်ဗုံးပေါက်ကွဲမှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဆက်စပ်သံသယအပြင် ရက္ခိုင့်တပ်တော် (AA) အား ငွေကြေးထောက်ပံ့သည့်သံသယတို့ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃ ရက်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် ဗိုလ်ကြီးဝေယံဦးက အကြမ်းဖက်မှုပုဒ်မ ၅၀ (စျ)၊ ၅၀ (ည) တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သံတွဲခရိုင်တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ဈ) နှင့် တရားစွဲဆိုခံထားရသည့် အမှု ၃ မှုရှိရာ ယခု အမှု ၁ မှုသာလွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး ကျန် ၂ မှုမှ တရားစွဲခံထားရသူ ၆ ဦးကျန်နေသေးသည်ဟုလည်း အဆိုပါမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

မနက်ဖြန် အောက်တိုဘာ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် စစ်တွေအကျဉ်းထောင်နှင့် မြောက်ဦးအချုပ်တို့မှလည်း လွတ်မြောက်မည့်သူများရှိပြီး စာရင်းအတိအကျကို မသိရသေးဟု ရခိုင့်နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာဝေဟင်အောင်က ပြောသည်။

“မြောက်ဦးကတော့ အမှု ၃ မှုလွတ်တယ်ကြားတယ်။ လူဦးရေတော့ အတိအကျမသိသေးဘူး။ ဘူးသီးတောင်ထောင်ကတော့ မလွတ်ဘူး”ဟု ပြောသည်။

ရက္ခိုင့်တပ်တော် (AA) နှင့်ဆက်စပ်သူ ၆၁ ဦးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့်ဆက်စပ်သူ ၁၁၄ ဦး၏အမှုအား ပိတ်သိမ်းကြောင်း နစကကောင်စီက ယနေ့တွင် ထုတ်ပြန်ကြေညာသည်။

ယခုကဲ့သို့ အမှုပိတ်သိမ်းခြင်းမှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ရှေးရှုသည့်အတွက်ဖြစ်သည်ဟု ဆိုသည်။

ယင်းသို့ အမှုပိတ်သိမ်းကြောင်းကြေညာပြီးသည်နှင့် ညနေပိုင်းတွင် ယခုကဲ့သို့ လွတ်မြောက်လာကြခြင်းဖြစ်သည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...