ကျိုက်ထီရိုးဘုရား ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်တော့မည်

ကျိုက်ထီရိုးဘုရား ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်တော့မည်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီရိုးဘုရား ဗုဒ္ဓပူဇနိယပွဲတော်နှင့် တောင်တော်ဖွင့်ပွဲကို ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကျိုက်ထီးရိုးဂေါပက အဖွဲ့ခေါင်းဆောင် ဦးစိုးလှက ပြောသည်။

လာမည့် အောက်တိုဘာ ၂၀ ရက် နံနက် ၅ နာရီတွင် ကျိုက်ထီးရိုးရင်ပြင်တော်၌ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပသွားမည်ဖြစ်သည်။

“ကိုဗစ်ရောဂါတွေကြောင့် ဘုရားပွဲတော်တွေက မြန်မာတစ်ပြည်လုံး သိတဲ့အတိုင်းပဲ ခဏရပ်ဆိုင်းထားရပြီးတော့ ဒီနှစ်တော့ ကိုဗစ်စည်းကမ်းနဲ့အညီ ပြန်လည်ပြီးတော့ ဖွင့်လှစ်ဖို့ အစီစဉ်တွေ လုပ်ထားပါတယ်” ဟု ဦးစိုးလှက ပြောသည်။

ကျိုက်ထီးရိုးဘုရားပွဲတော်ကို နှစ်စဥ်သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့ထိ ၇ လ တိုင်တိုင် နှစ်စဉ်ကျင်းပခဲ့သော်လည်း ကိုဗစ်ကြောင့် ပွဲတော် ရပ်နားခဲ့ရကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် ကိုဗစ် စည်းမျဉ်းအတိုင်း တိကျစွာလိုက်နာပြီး ဘုရားပွဲတော်ကို ယခင်အတိုင်း ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

တောင်တက်ကားတစ်စီးတွင် လူ ၃၀ တက်ခွင့်ပေးမည်ဖြစ်‌ကြောင်း၊ ကင်ပွန်းစခန်းရှိ တောင်တက်ကားဂိတ်တွင် အပူချိန်တိုင်း ကိရိယာဖြင့် တိုင်းတာစစ်ဆေးမည်ဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူမှသာ ကားပေါ်တက်ခွင့် ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အတူ ရင်ပြင်တော်တည်းခိုခန်း၊ တည်းခိုဆောင်နှင့် ဟိုတယ်များတွင်လည်း ကိုဗစ်စည်းကမ်းနှင့်အညီ လုပ်ဆောင်ထားကြောင်း တည်းခိုဆောင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ဝန်ထမ်းတွေရော အလုပ်သမားတွေရော ဆေးလည်းထိုးထားတယ်။ ပြီးတော့ ကျွန်တော်တို့ ကိုဗစ်စည်းကမ်းအတိုင်း ဆောင်ရွက်ထားပါတယ်။ တည်းမယ့် ဧည့်သည်တွေကိုလည်း ရောက်တာနဲ့ ကိုယ်ပူချိန်တိုင်းတာတွေ လုပ်မှာပါ” ဟု ၎င်းကပြောသည်။

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်မှု အန္တရာယ်ထိန်းချုပ်သည့်အနေဖြင့် မွန်ပြည်နယ် ကျိုက်ထီးရိုးဆံတော်ရှင်စေတီ ဘုရားပွဲတော် အစီအစဉ်အားလုံးကို ၂၀၂၀ ခုနှစ် မတ် ၂၁ ရက်ကစပြီး ပိတ်သိမ်းခဲ့သဖြင့် ကျိုက်ထီးရိုးဘုရားကို အမှီပြုနေရသည့်လုပ်ငန်းများနှင့် အလုပ်သမားမိသားစုဝင်များအားလုံး အခက်အခဲများစွာကြုံတွေ့ခဲ့ရကြောင်း သိရသည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...