တန့်ယန်း ငွေရည်ပုလဲကုမ္ပဏီ သတ္တုတိုးချဲ့တူးနေ ဒေသခံ (၃၀၀၀) ကျော် ကန့်ကွက်

တန့်ယန်း ငွေရည်ပုလဲကုမ္ပဏီ သတ္တုတိုးချဲ့တူးနေ ဒေသခံ (၃၀၀၀) ကျော် ကန့်ကွက်

သျှမ်းမြောက် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စုအနီး ဖြတ်သန်းစီးဆင်းနေသည့် နမ့်ပန်မြစ်ကမ်းဘေးတစ်လျှောက် သတ္တုတိုးချဲ့ တူးဖော်နေမှုလုပ်ငန်းအပေါ် ဒေသခံ (၃၀၀၀) ကျော် ဆန့်ကျင်ကန့်ကွက်ကြကြောင်း သတင်းရရှိသည်။

တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စုကို ဖြတ်သန်းစီးဆင်းနေသည့် နမ့်ပန်မြစ်ဘေးတစ်လျှောက် မန္တလေးအခြေစိုက် ငွေရည်ပုလဲစုပေါင်းကုမ္ပဏီနှင့် စစ်ကောင်စီအရာရှိများ ပူးပေါင်းစီမံချက်ဖြစ်သည့် တိုးချဲ်သတ္တုတူးဖော်ရေးလုပ်ငန်းအား ကျေးရွာ (၁၄) ရွာမှ ဒေသခံ (၃၀၀၀) တို့ကျော်က ဆန့်ကျင်ကန့်ကွက်နေကြတာဖြစ်ကြောင်း သိရသည်။

“ခုက ကိုဗစ်ကာလ၊ နိုင်ငံရေးမတည်ငြိမ်ဘူး၊ စီးပွားရေးအခြေနေတွေ မကောင်းတဲ့အချိန်မှာ ကုမ္ပဏီတွေ အခွင့်ကောင်းမယူစေချင်ဘူး၊ ဒေသခံတွေက အရမ်းကိုခက်ခဲနေကြတာ၊ ရောင်းဝယ်ရေးကအစ ခက်ခဲနေကြတာ၊ ဒီလုပ်ငန်းကို ရပ်တန့်ပေးစေချင်ပါတယ်” ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) မှ တာဝန်ရှိသူ စိုင်းဟော်ရှဲန်က သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

အဆိုပါ သတ္တုတူးဖေါ်ရေးလုပ်ငန်းစီမံချက်ကြောင့် ဒေသခံများ၏ လယ်ယာမြေဆုံးရှုံးခြင်းသာမက နမ့်ပန်မြစ်၏ ဂေဟစနစ်တစ်ခုလုံး ပျက်စီးနိုင်တာကြောင့် အထူးကိုစိုးရိမ်ရသည့် အခြေနေဖြစ်ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်မတိုင်ခင်က တန့်ယန်းမြို့နယ် တက်လျက်ကျေးရွာတွင် ကျောက်မီးသွေး စတင်တူးဖော်ခဲ့တာဖြစ်ပြီး ထိုချိန်က ရွာလုံးကျွတ် ရွေ့ပြောင်းပေးခဲ့ရကြောင်း၊ ယခု ထပ်မံတိုးချဲ့သည့်နေရာသည် ဧက (၈၅၀) ရှိပြီး အဆိုပါကျေးရွာနှင့် တစ်မိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။

“ခု သူတို့တိုးချဲ့တာက (၈၅၀) ဧက ရှိတယ်၊ နမ့်ပန် မြစ်ကမ်းတစ်လျှောက်မှာ နေရာယူထားကြတာ၊ အဲ့တော့ ဒေသခံတွေအတွက် စိုးရိမ်ရတယ်” ဟု စိုင်းဟော်ရှဲန်က ဆိုသည်။

ယခုနှစ် မေလ (၇) ရက်နေ့က ဒေသခံတောင်သူ (၁၅) ဦးအား နားဟုတ်ကျေးရွာအုပ်စု ဥက္ကဌက ဆင့်ခေါ်ပြီး ၄င်းတို့၏ လယ်ယာမြေပေါ်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းအတွက် သဘောတူစာကို လက်မှတ်ရေးထိုးစေခဲ့သည်။

ထိုချိန်က ငွေရည်ပုလဲကုမ္ပဏီသည် တစ်မီတာပတ်လည်ခန့်သာ မြေတူးစမ်းသပ်မည်ဟု ကျေးရွာဥက္ကဌက ပြောသည့်အတွက် တောင်သူ (၄) ယောက်က သဘောတူခဲ့ကြောင်း၊ သို့သော် ကျန်ရှိသည့် တောင်သူ (၁၁) ဦး၏ သဘောတူလက်မှတ်အား ကျေးရွာဥက္ကဌမှ လက်မှတ်တုထိုးကာ ကုမ္ပဏီတာဝန်ရှိသူကို ပေးခဲ့တာဖြစ်ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ဖော်ပြချက်အရ သိရသည်။

အဆိုပါ သတ္တုတူးဖော်ရေးလုပ်ငန်း ရပ်တန့်ပေးရေးအတွက် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် မိုင်းဟပြည်သူ့စစ်အဖွဲ့ထံသို့ ပြီးခဲ့သည့် မေလ (၈) ရက်နေ့က အကူအညီတောင်းခံစာ ပေးပို့ခဲ့ဖူးကြောင်း သိရသည်။

တန့်ယန်းမြို့နယ်အတွင်း စီးဆင်းနေသည့် နမ့်ပန်မြစ်သည် သံလွင်မြစ်၏ အဓိက မြစ်လက်တက်ဖြစ်ပြီး စိုက်ပျိုးရေးဖြင့် အသက်မွေးနေကြသည့် ဒေသခံပြည်သူ (၃၀၀၀) ကျော် မှီတင်းနေထိုင်ကြသည့် ဒေသဖြစ်ကြောင်း သိရှိရသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...