ကျိုက်လတ်မြို့နယ် လျှပ်စစ်ရုံးရှေ့ ဗုံးနှစ်လုံး ပေါက်ကွဲ

ကျိုက်လတ်မြို့နယ် လျှပ်စစ်ရုံးရှေ့ ဗုံးနှစ်လုံး ပေါက်ကွဲ

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့ လျှပ်စစ်မီတာရုံးရှေ့တွင် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီ ကျော်အချိန်ခန့်က ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့သည်။

အမှတ် ၂ လမ်းရှိ မြို့နယ်လျှပ်စစ်ရုံးရှေ့တွင် ဗုံးတစ်လုံးနှင့်တစ်လုံး စက္ကန့်အနည်းငယ်စီသာခြားပြီး ပေါက်ကွဲခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိဟု  အမှတ် ၂ လမ်းအတွင်း နေထိုင်သူများက ပြောသည်။

"စစ်တပ်ကတော့ ထုံးစံအတိုင်း လာစစ်ဆေးတာတွေ လုပ်တယ်။ လမ်းတွေကို ပိတ်ဆို့ စစ်ဆေးကြတယ်။ ထိခိုက်တာ ပျက်စီးတာလည်း မရှိဘူး" ဟု မျက်မြင်တွေ့သည့် ဒေသခံ တစ်ဦးက ပြောသည်။

လျှပ်စစ်ဝန်ထမ်းများက မီတာခများကို ရပ်ကွက်အချို့တွင် လိုက်လံကောက်ခံနေသဖြင့် PDF အဖွဲ့က သတိပေး ဖောက်ခွဲခြင်း ဖြစ်နိုင်ကြောင်း ကျိုက်လတ်မြို့ခံ ဦးမောင်အုန်း က ကျိုက်လတ် မြို့ပြ ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ KPDF ၏ ထုတ်ပြန်ချက်ကိုကိုးကား၍ ပြောသည်။

ယခင်က ဗုံးပေါက်ကွဲမှုများတွင် သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် ခံဝန်ဖြင့် လွှတ်ပေးထားသူများကို ပြန်လည်ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် အချို့မှာ ထိတ်လန့်ပြီး ရှောင်တိမ်းနေကြသည်ဟု ဒေသခံအချို့က ပြောသည်။

"မသင်္ကာဘူးဆိုပြီး ဖမ်းတယ်။ သက်သေအထောက်အထားမရှိတော့လည်း ကောင်းကောင်းမွန်မွန် ပြန်မလွှတ်ဘူး။ ခံဝန်လုပ်ရတယ်။ ခံဝန်မှာတော့ ပိုက်ဆံမပေးရကြောင်း အချက်ပါပေမယ့် ပိုက်ဆံတော့ ပေးရတာပါပဲ" ဟု ဖမ်းခံရဘူးသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ကျိုက်လတ်မြို့နယ်အတွင်း၌ ဇူလိုင်လမှစတင်၍ ယနေ့အချိန်ထိ ဗုံးပေါက်ကွဲမှု ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများ မရှိဘူးဟု ဒေသခံများက ဆိုသည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...