ဖမ်းဆီးခံရသည့် ကျူရှင်ဆရာ၏အလောင်းကို ဓါးဒဏ်ရာများဖြင့် ပြန်တွေ့

ဖမ်းဆီးခံရသည့် ကျူရှင်ဆရာ၏အလောင်းကို ဓါးဒဏ်ရာများဖြင့် ပြန်တွေ့

မန္တလေးတိုင်း မတ္တရာမြို့နယ်မှ ကျူရှင်ဆရာတစ်ဦး စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ဓါးဒဏ်ရာနှင့် သေဆုံးနေသောအလောင်းကို ရွာထိပ်တစ်နေရာတွင် တွေ့ရှိခဲ့ရသည် ဒေသခံရွာသားများက ပြောသည်။

အောက်တိုဘာလ ၉ ရက်နေ့က လည်ပင်းဓါးဒဏ်ရာနှင့် သေဆုံးနေသည့် တောင်ကန်အုပ်စု ကင်းရွာက အသက် ၃၅ နှစ် အရွယ် ကျူရှင်ဆရာ ဦးသိန်းဇော်၏ ရုပ်အလောင်းကို လမိုင်းကျေးရွာထိပ်တွင် စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ရသည်ဟု ပြောသည်။

”မနက် ၈ နာရီ လောက်ကျတော့ အလောင်းကို လာယူသွားကြတယ်။ မေးတာတွေ မဖြေလိုနဲ့တူပါတယ်။ လည်ပင်းဓါးဒဏ်ရာက တော်တော်နက်တယ်” ဟု အသက် ၄၇ နှစ် အရွယ်ခန့်ရှိသူ ဒေသခံတစ်ဦးက ပြောသည်။

ထူးချွန်အောင်ဘော်ဒါ တည်ထောင်ထားသူ ဦးသိန်းဇော်ကို အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့် က မတ္တရာစစ်ဆေးရေးဂိတ်တွင် လက်ကိုင်ဖုန်းအတွင်းမှ ဆန္ဒပြသည်နှင့် ပတ်သက်သည့် ဓါတ်ပုံများနှင့် PDF ပုံ များကို တွေ့ရှိ၍ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီးနောက် ယခုကဲ့သို့ သေဆုံးနေသည့် အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကင်းရွာ အတွင်း ဝင်ရောက်မွှေနှောက်ကာ ဦးဇင်းဦးပညာဝံသ၊ စိုးကဗျာ ၂၀ နှစ်၊ ဘကကျောင်း ဆရာမဒေါ်သဲဖြူတို့ကိုလည်း ထပ်မံဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၈ ရက်နေ့ ည ၁၂ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဦးသိန်းဇော် နေထိုင်သည့် အောင်ချမ်းသာကျေးရွာရှိ အိမ်သုံးလုံးကို မွှေနှောက်ရှာဖွေပြီး ပြန်လည်ထွက်ခွာသွားပြီးနောက် တစ်နာရီခန့် အကြာ အောက်တိုဘာ ၉ ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်တွင် လမိုင်းကျေးရွာထိပ်တွင် အလောင်းကို ပစ်ထားခဲ့ဖြင်းဖြစ်သည်ဟု ရွာသားများက ဆိုသည်။

ဦးသိန်းဇော်သည့် အောင်ချမ်းသာကျေးရွာသား တစ်ဦးဖြစ်ပြီး ကင်းရွာတွင် အိမ်ထောင်ကျကာ ရွာနှစ်ရွာစလုံးတွင် နေထိုင်လျှက်ရှိသည်။

၎င်း၏အလောင်းကို တွေ့ခဲ့သည့် လမိုင်းကျေးရွာသည် လက်ရှိ သေဆုံးသူနေထိုင်သည့် ကင်းရွာနှင့် တစ်မိုင်ခန့်သာ ကွာဝေးသည်။

ဦးသိန်းဇော်တွင် ဇနီးသည်နှင့် သားတစ်ဦး၊ သမီးတစ်ဦး ကျန်ခဲ့သည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...