ကျေးရွာရံပုံငွေကို စစ်ကောင်စီတပ်ဖွဲ့များ သိမ်း

ကျေးရွာရံပုံငွေကို စစ်ကောင်စီတပ်ဖွဲ့များ သိမ်း
ရေပေးဝေရေးလုပ်ငန်း သုံးစွဲနေသည့် တောင်ပေါ်မှရေကန်၏ပုံကို မြင်တွေ့ရစဉ်
ရေပေးဝေရေးလုပ်ငန်း သုံးစွဲနေသည့် တောင်ပေါ်မှရေကန်၏ပုံကို မြင်တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေးရွာအုပ်ပိုင် ရေပေးဝေရေးနှင့် အမှိုက်သိမ်းကော်မတီ၏ ရံပုံငွေသိန်း ၁၇၀ ကျော်ကို ဒေသခံ စစ်ကောင်စီတပ်ဖွဲ့က သိမ်းယူလိုက်သည်ဟု ဒေသခံများက ပြောသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ လူထုပိုင် ကော်မတီရံပုံငွေအဖြစ် ဘဏ်စာရင်းထဲတွင်ရှိသည့် ကျပ် ၁၄၃ သိန်းကျော်၊ ဘဏ်စာအုပ်နှင့် ကော်မတီဝင်များ၏ လက်ထဲတွင်ရှိနေသည့် ကျပ်ငွေ ၃၅ သိန်းကျော်ကို အောက်တိုဘာ ၅ ရက်နေ့က စစ်ကောင်စီက သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။

“အခုတော့ ပြည်သူတွေရဲ့ ကားရော၊ ရံပုံငွေတွေရော တစ်ပြားမှမကျန်တော့ဘူး။ အကုန်လုယက်ခံလိုက်ရပြီ” ဟု ရေပေးဝေရေးကော်မတီက အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကံပေါက်ဒေသခံ တပ်ရင်းအမှတ် ၂၇၃ တပ်က ဗိုလ်မှူးဆိုသူအပါအဝင် ကံပေါက်ရဲစခန်းမှူး၊ စရဖ သန်းရှိန်နှင့် စကစခန့် ရပ်ကျေးဥက္ကဋ္ဌတို့က လာရောက် သိမ်းယူသွားခြင်းဖြစ်သည်ဟု ရေပေးဝေရေး ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ဖွဲ့စည်းထားသည့် ၃ နှစ်ကြာသက်တမ်းရှိ ကော်မတီကို ဖျက်သိမ်းခိုင်းပြီး ဗိုလ်အောင်ဒင်အမည်ရှိ အမှိုက်သိမ်းယာဉ်ကိုလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက သိမ်းယူလိုက်ပြီး အမှိုက်သိမ်းဝန်ထမ်းများကိုလည်း အလုပ်မှ ရပ်စဲလိုက်သည်ဟု ရေပေးဝေရေးကော်မတီအဖွဲ့ဝင်က ဆက်ပြောသည်။

အမှိုက်သိမ်းမော်တော်ယာဉ်ကိုလည်း ရပ်ရွာအမှိုက်သိမ်းစနစ်ဖြင့် လည်ပတ်နေရာမှ ရရှိသည့် ရံပုံငွေဖြင့် ၂၀၁၉ ခုနှစ်တွင် ဝယ်ယူထားခြင်း ဖြစ်သည်။

“ဒီလို လာမလုပ်ခင်က လုပ်ငန်းတွေကို သူတို့နဲ့အတူလုပ်ဖို့ ပူးပေါင်းခိုင်းတယ်။ ကော်မတီထဲ သူတို့လူတွေ ထည့်ပေးဖို့‌ပြောတယ်။ ကော်မတီက လက်မခံတော့ အခုလိုအနိုင်ကျင့်တာပဲဖြစ်မယ်“ ဟု ကံပေါက်ဒေသခံ အသက် ၄၅ နှစ်အရွယ် ဒေသခံတစ်ဦးက ပြောသည်။

ဒေသအတွင်းရှိ ရေပေးဝေရေးနှင့် အမှိုက်သိမ်းလုပ်ငန်းသည် ကံပေါက်ကျေးရွာအုပ်စုအတွင်းရှိသည့် ရပ်ကွက်ပေါင်း ၁၁ ရပ်ကွက်အတွက် ဝန်ဆောင်မှုပေးနေသည့် ပြည်သူလူထု၏ ကိုယ်ထူကိုယ်ထ လုပ်ငန်းတစ်ခုဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့၊ စစ်အာဏာက သိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကံပေါက်ဒေသထဲတွင် လာရောက်တပ်စွဲထားစဉ် ပြည်သူပိုင် ဆိုင်ကယ်အစီးရေပေါသ်း ၁၀၀ ကျော်ခန့်ကို လုယက်ယူဆောင်ခဲ့ဖူးသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ကံပေါက် အုပ်ချုပ်ရေးမှူးရုံး၌ သိမ်းဆည်းထားသည့် အမှိုက်သိမ်းမော်တော်ယာဉ်က ဘက်ထရီအိုးကြီးတစ်လုံးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားခဲ့သည်ဟု ဆိုသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...