လှိုင်တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား၊ ထိခိုက်ဒဏ်ရာရသူများရှိ

လှိုင်တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား၊ ထိခိုက်ဒဏ်ရာရသူများရှိ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် အောက်တိုဘာ ၈ ရက်၊ မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိသည်ဟု အဆိုပါရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

ပေါက်ကွဲမှုမှာ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ကတစ်ကြိမ်၊ ညနေပိုင်း ၃ နာရီ ၁၀ မိနစ်အချိန်ကတစ်ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်ပေါက်ကွဲမှုက ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးနေချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၉ ရပ်ကွက်အတွင်းနေထိုင်သည့် လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“ပထမတစ်လုံး ပေါက်တုန်းကတော့ လူတစ်ယောက် လက်ပြတ်သွားတယ်။ နောက်တစ်ခေါက်ထပ်ပေါက်တော့လည်း ထိတဲ့သူရှိတယ်။ အရပ်ဝတ်နဲ့ဆိုတော့ ပြည်သူလား ရဲလားတော့မသိဘူး” ဟု ၎င်း မြင်တွေ့ခဲ့ရသည့်အခြေအနေကို ရှင်းပြသည်။

အင်းစိန်လမ်းမကြီးနဲ့ ဓမ္မာရုံးလမ်းနားမှာ (သုခမှတ်တိုင်အနီး) တွင်ရှိသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး နှစ်ယောက်ထိသွားကာ အင်းစိန်လမ်းကြီးကိုလည်း ပိတ်ထားသည်ဟု လှိုင်မြို့နယ် ၇ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ဒုတိယအကြိမ်ပေါက်ကွဲမှုတွင် ဗုံးပေါက်ကွဲမှုကို လာရောက်စစ်ဆေးသည့် မြို့နယ်မှူးနှင့်စခန်းမှူး အပါအဝင် ရဲတပ်သားတစ်ဦးပါ ထပ်မံဒဏ်ရာရရှိခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြု၍မရပေ။

အဆိုပါပေါက်ကွဲမှုမတိုင်မီ တစ်နာရီခန့်အလိုက မက္ခရာတော်လှန်ရေးအင်အားစုက အဆိုပါရပ်ကွက်ရုံးအား အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲမှုပြုလုပ်မည်ဖြစ်သောကြောင့် ပြည်သူများ ရှောင်ရှားကြရန် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာထားသည်။

လှိုင်မြို့နယ်နှင့် ဆက်စပ်နေသည့် ကမာရွတ်မြို့နယ် ပြည်လမ်းမြေအောက်လမ်းကူး လူသွားဥမင်ဖွင့်ပွဲကို စစ်ကောင်စီဥက္ကဋ္ဌ လာရောက်စဉ် ပြည်လမ်းနှင့် အင်းစိန်လမ်းမကြီးကို လုံခြုံရေးတင်းကြပ်ထားခဲ့သည်။

အောက်တိုဘာလ ၇ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားသည့် အမျိုးသားညီညွန်ရေးအစိုးရ NUG ၏ ထုတ်ချက်ထဲတွင် စက်တင်ဘာလ ၇ ရက်နေ့ ပြည်သူတရပ်လုံး တော်လှန်ကြရန် ကြေညာခဲ့ချိန်မှစတင်ပြီး တစ်လအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၁၅၆၂ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၅၅၂ ဦးရှိကြောင်း ရေးသားထုတ်ပြန်ထားသည်။

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...