ဒေးဒရဲတွင် အသံဗုံးပေါက်ပြီးနောက် လူ ၃၅ ဦးကို ဖမ်းဆီး

ဒေးဒရဲတွင် အသံဗုံးပေါက်ပြီးနောက် လူ ၃၅ ဦးကို ဖမ်းဆီး

ဒေးဒရဲမြို့တွင် အောက်တိုဘာလ ၃ ရက်နေ့ တစ်ရက်တည်းတွင် ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီးနောက် အမျိုးသမီးငယ် ၂ ဦးအပါအဝင် ဒေသခံ ၃၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု အာဏာပိုင်အသိုင်းအဝိုင်းနှင့် ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အောက်တိုဘာ ၃ ရက်နေ့နှင့် ၄ ရက်နေ့အထိ သက်သေအထာက်အထား တစ်စုံတစ်ရာမရှိဘဲ သံသယဖြင့် ဒေသခံ ၃၅ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

"မသင်္ကာလို့ ခေါ်စစ်ဆေးနေတာပါ။ မဟုတ်ရင် ပြန်လွှတ်ပေးမှာပါ။ အမျိုးသမီးငယ် ၂ ဦးလည်း ပါတာတွေ့မိတယ်" ဟု ဒေးဒရဲမြို့ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဒေးဒရဲမြို့ သမဝါယမရုံးအနီးနှင့် မြို့အဝင်ဆိုင်းဘုတ်အနီး ဖြစ်ပွားခဲ့သည့် ဗုံးပေါက်မှုဖြစ်စဉ်အပြီး အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် လမ်းသွားလမ်းလာ ဒေသခံ ၁၅ ဦးနှင့် အောက်တိုဘာလ ၄ ရက်နေ့တွင် ဒေသခံ အယောက် ၂၀ ခန့်ကို ထပ်မံဖမ်းဆီးသွားပြီး စစ်ဆေးနေသည်ဟု ဒေးဒရဲမြို့ ထွေ/အုပ်ရုံး ဝန်ထမ်းအချို့၏ ပြောပြချက်အရ သိရသည်။

ဖမ်းခံရသူများထဲတွင် လူငယ်အများဆုံးဖြစ်ပြီး အမှတ် ၁ ရပ်ကွက် စကားဝါလမ်းမှ မောင်ထက်ထက်၊ ပြည်တော်သာလမ်းမှ မောင်အောင်ကျော်ထွန်း၊ အမှတ် ၂ ရပ်ကွက်မှ အသက် ၄၀ ခန့်ရှိ ဦးပီတာနှင့် ၎င်းအိမ်မှ ကွန်ပျူတာသင်တန်းတက်နေသည့် လူငယ် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပါဝင်ကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ထို့အပြင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဗုံးကို ဘေးတွဲဆိုင်ကယ်နှင့် လာပစ်ချသွားသည်ဟုဆိုကာ တစ်မြို့လုံးရှိ ဘေးတွဲဆိုင်ကယ်များကို ညတွင်းချင်း ရုံးသို့လာပြရန် စေခိုင်းသဖြင့် ရုံးကိုသွားပို့နေကြရပြီး နောက်တစ်နေ့ နေ့လည်မှ ပြန်ပေးကြောင်း မြို့ခံများက ပြောသည်။

ဒေးဒရဲမြို့ခံ ဦးအောင်ဝင်းက "အသံဗုံးပေါက်တာပါ ဘယ်သူမှမထိဘူး။ ဖမ်းတာကတော့ ကမ်းကုန်တယ်။ ရမ်းသမ်းဖမ်းတယ်။ မဟုတ်ရင် ငွေ တောင်းပြီးပြန်လွှတ်ပေးတယ်။ ပိုက်ဆံညှစ်လို့ရနေတော့ မြို့မှာ နည်းနည်းလှုပ်တာနဲ့ စွတ်ရမ်းဖမ်းတယ်လေ" ဟု ပြောသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း ဖမ်းဆီးခံလိုက်ရသည့်သူများနှင့် အောက်တိုဘာလ ၅ ရက်နေ့ (ယနေ့) အချိန်ထိ အဆက်သွယ်မရရှိသေးကြောင်းနှင့် ၎င်းတို့ကို မည်သည့်နေရာတွင် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသည်ကို မသိရသေးသည့်အတွက် စိုးရိမ်နေရသည်ဟု ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်အချို့က ပြောသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...