စစ်အာဏာသိမ်းပြီးနောက် ၈ လတာကာလအတွင်း လူသားချင်းစာနာထောက်ထားမှုအကြပ်အတည်း ပိုမိုဆိုးရွားလာ

စစ်အာဏာသိမ်းပြီးနောက် ၈ လတာကာလအတွင်း လူသားချင်းစာနာထောက်ထားမှုအကြပ်အတည်း ပိုမိုဆိုးရွားလာ

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး ၈ လတာကြာပြီးနောက် ပြည်တွင်းပဋိပက္ခ ပိုတိုးလာပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း ပိုမိုဆိုးရွားလာကြောင်း ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) နှင့်အတူ အရပ်ဖက်အဖွဲ့အစည်း (၉) ဖွဲ့က ယနေ့ ပူးတွဲထုတ်ပြန်သည့် စာတမ်းတိုရှင်းလင်းပွဲအရ သိရသည်။

ပိုတိုးလာသည့် ပြည်တွင်းပဋိပက္ခအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ထိန်းချုပ်ခြင်း၊ ကန့်သတ်ခြင်းနှင့် ဖျက်ဆီးခြင်းများအပြင် ၎င်းတို့ကိုယ်ကျိုးအတွက် လက်နက်သဖွယ် အသုံးပြုနေပြီး မြန်မာနိုင်ငံ၏ စစ်ရေးပဋိပက္ခ မြင့်တက်နေသည့် ပြည်နယ် ၆ ခုတွင် အဆိုးရွားဆုံးခံကြရကြောင်း ၎င်းတို့၏ စာတမ်းတိုကို အခြေခံပြီး ရှေ့ပြေးအသံအဖွဲ့က ထုတ်ပြန်ထားသည်။

“ပြေးစရာမြေမရှိ - ပို၍နက်ရှိုင်းလာနေသော မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့သည့် အဆိုပါစာတမ်းတို ထုတ်ပြန်ချက်အရ ကချင်၊ ကရင်၊ ကရင်နီ (ကယား)၊ ချင်းနှင့် ရခိုင်ပြည်နယ်များတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများကို အလေးပေးဖော်ပြထားကြောင်းလည်း သိရသည်။

ထို့အတူ ယနေ့ ပြုလုပ်သည့် စာတမ်းတိုပူးတွဲထုတ်ပြန်မှုတွင် ပါဝင်သည့် အဖွဲ့အစည်းခေါင်းဆောင်များ၏ မြေပြင်အခြေအနေ ရှင်းလင်းတင်ပြချက်အရ လက်တွေ့မြေပြင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် ထိန်းချုပ်ကန့်သတ် ဖျက်ဆီးမှုအခြေအနေ ပိုမိုဆိုးရွားလာကြောင်းနှင့် နိုင်ငံတကာအလှူရှင်များ၏ တင်းကြပ်သော အကူအညီပေးရေး လုပ်ထုံးလုပ်နည်းများသည် ဒုက္ခသည်များအတွက် အကူအညီရရှိရန် အလှမ်းဝေးနေကြောင်း ပြောဆိုဆွေးနွေးကြခြင်းဖြစ်သည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ ဒါရိုက်တာ နော်ထူးထူးက “အာဏာသိမ်းစစ်တပ်ဟာဆိုလို့ရှိရင် ဟိုအရင် ဖြတ်လေးဖြတ်တုန်းကလိုပုံစံမျိုး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပေးပို့တဲ့အခါမှာ အာဏာသိမ်းစစ်တပ်က KNU အတွက် ပေးပို့တယ်ဆိုပြီး လမ်းတွေမှာ ပစ်တာတွေ၊ ဖမ်းတာတွေ လုပ်တဲ့အတွက်ကြောင့်မို့လို့ တကယ်တမ်း နစ်နာသူတွေက ဒီစစ်ဘေးရှောင်ပြည်သူတွေပဲဖြစ်တယ်။” ဟု ယနေ့ရှင်းလင်းပွဲ၌ ပြောဆိုသွားခဲ့သည်။

ထို့အပြင် လက်ရှိ စစ်ကောင်စီအနေဖြင့် ပြည်သူလူထုများကို အကာအကွယ်ပြုပေးနေကြောင်း မှားယွင်းသည့် ဝါဒဖြန့်ရေးသားပြောဆိုမှုများရှိနေချိန်တွင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အလှူရှင်များအနေဖြင့် လတ်တလော ဒုက္ခရင်ဆိုင်နေရသည့် ပြည်သူလူထုများထံကို အကူအညီ တိုက်ရိုက်ရောက်ရှိစေရန် လူထုအခြေပြု တိုင်းရင်းသားအဖွဲ့အစည်းများမှတဆင့် နယ်စပ်ဖြတ်ကျော်ကူညီမှုများ ပြုလုပ်ပေးရန်လည်း အဆိုပါ အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုခဲ့သည်။

တိုင်းရင်းသားနယ်မြေဒေသများတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများကို အကူအညီပေးနေကြသော အရပ်ဖက်လူထုအဖွဲ့အစည်းများသည် နိုင်ငံတကာအလှူရှင်များ၏ တင်းကြပ်လှသော လုပ်ထုံးလုပ်နည်းများကြောင့် ကူညီထောက်ပံ့ငွေများ လက်လှမ်းမီရရှိရန် အခက်အခဲများစွာ ကြုံတွေ့နေရသောကြောင့် အလှူရှင်များအနေဖြင့် အရေးပေါ်အခြေအနေအတွင်း ရံပုံငွေများ လက်လှမ်းမီနိုင်ရေး ဖြေလျှော့မှုများလုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ၎င်းအရပ်ဖက်အဖွဲ့အစည်းများက ဆက်လက်ပြောဆို တိုက်တွန်းထားသည်။

ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) မှ မော်ဖရေးမြာက “အလှူရှင်တွေ လှူတဲ့နေရာမှာ တကယ့်လက်တွေ့ IDP ကို ထိရောက်မြန်ဆန်စွာ လှူပေးချင်တယ်ဆိုရင်တော့ INGO တွေကနေတဆင့်ထက် CBO, CSO တွေကနေ တကယ့် ပရဟိတ တက်ကြွလှုပ်ရှားသူတွေဆီကနေပဲ သွားသင့်တယ်။ ပြီးတော့ အလှူရှင်တွေအတွက် အလုပ်လုပ်ပေးနေရတဲ့ သူတွေအတွက် ကန့်သတ်မှုတွေရှိတဲ့အခါကျတော့ အရမ်းပင်ပန်းပြီး မကူညီပေးချင်တော့တာတွေရှိတယ်။” ဟု ယနေ့ ရှင်းလင်းပွဲ၌ ထည့်သွင်းပြောဆိုသွားသည်။

၎င်းတို့ထုတ်ပြန်သည့် စာတမ်းတို၏ အကြံပြုတိုက်တွန်းချက်များသည် တိုင်းရင်းသားဒေသများအတွက် အဓိကရည်ရွယ်ထားသော်လည်း စစ်ကောင်စီ၏ အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆိုးကျိုးဒဏ်များကို အကန့်အသတ်မရှိ ခံစားနေကြရသည့် အနေအထားတွင် ၎င်းအကြံပြုချက်များသည် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာ၏ အခြေအနေနှင့် ဆက်စပ်သက်ဆိုင်ကြောင်းလည်း ၎င်းအဖွဲ့များက ဆိုထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသအသီးသီး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များ၏ လက်နက်ကိုင်တော်လှန်တိုက်ခိုက်မှုများကို ကြုံတွေ့နေရစဉ် လက်နက်ကိုင် စစ်ရေးပဋိပက္ခများကြောင့် ဒေသအလိုက် သောင်းနှင့်ချီသည့် အရပ်သားပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီအထောက်အပံ့များစွာ လိုအပ်ချက်များရှိနေကာ စစ်ပွဲများလည်း ဆက်လက်ပြင်းထန်လာမည့် အနေအထားတွင် အရပ်သားပြည်သူများလည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည့် အခြေအနေတွင်ရှိနေကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ပြောဆိုသည်။

ယခုစာတမ်းတိုရှင်းလင်းပွဲတွင် ပါဝင်သည့် အရပ်ဖက်အဖွဲ့အစည်းများမှာ ကရင်အမျိုးသမီးအစည်းအရုံး၊ မွန်ပြည်လူ့အခွင့်အရေးဖိုရမ်၊ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၊ ကရင်လူ့အခွင့်အရေးအဖွဲ့၊ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်၊ ကရင်နီအမျိုးသမီးအစည်းအရုံး၊ ကချင်အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ)၊ တအာင်း (ပလောင်) အမျိုးသမီးအဖွဲ့အစည်း၊ ပအိုဝ်းအမျိုးသမီးသမဂ္ဂနှင့် ရှေ့ပြေးအသံတို့ ဖြစ်ကြသည်။

 
 

 

 

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...