ထီးချိုင့်တွင် ဆိုင်ကယ်စီး အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်များက ပစ်သတ်

ထီးချိုင့်တွင် ဆိုင်ကယ်စီး အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်များက ပစ်သတ်

စစ်ကောင်စီတပ်များနှင့် ထီးချိုင့် PDF များ အပြန်အလှန်ပစ်ခတ်မှုအပြီး ထီးချိုင့်-မြစ်ကြီးနားသွား လမ်းမကြီးပေါ်ရှိ တည်တောရွာအနီးတွင် ဆိုင်ကယ်စီး ခရီးသွားနှစ်ဦးကို စစ်ကောင်စီတပ်များ ပစ်သတ်သွားသည်ဟု ထီးချိုင့် PDF တာဝန်ရှိသူနှင့် ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂၉ ရက် ညနေ ၅ နာရီ အချိန်ခန့်က ထီးချိုင့်-မြစ်ကြီးနားသွား လမ်းမကြီးဘေး တည်တောရွာအလွန် မုဒ်တစ်ထောင်ဘုရားကုန်းအနီးတွင် ကားသုံးစီးပါ စစ်ကောင်စီယဉ်တန်းကို ထီးချိုင့် PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ မိုင်းမကွဲပဲ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပွားခဲ့ပြီးနောက် ဆိုင်ကယ်စီးလာသူနှစ်ဦးကို စစ်ကောင်စီဘက်က ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ထီးချိုင့် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့ပြန်ဆုတ်တော့ တည်တောရွာအနီးမှာ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ယောက်ကိုပစ်သတ်ပြီး ဆိုင်ကယ်နဲ့ တစ်ယောက်ကိုတော့ ကားပေါ်တင်သွားတယ် လမ်းဘေးမှာ တစ်လောင်းချန်ထားခဲ့တယ်“ ဟု ပြောသည်။

မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ အရပ်သားပြည်သူများကို ပစ်သတ်သည်နှင့် မည်သို့ ပစ်သတ်လိုက်သည်ကို မသိဟု အဆိုပါ PDF တာဝန်ရှိသူက ပြောသည်။

နှစ်ဘက်ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပေါက်ကုန်းကျေးရွာက အမျိုးသားတစ်ဦးလည်း ခြေထောက်ကို လက်နက်ကြီးစထိမှန်သွားသည်ဟု တည်တောရွာက ရွာသားတစ်ဦးက ပြောသည်။

ကြက်သေချောင်းရွာမှ အိမ်တစ်လုံးပေါ်သို့လည်း လက်နက်ကြီးကျ၍ အမျိုးသမီးနှစ်ဦးထိမှန်ပြီး တစ်ဦး ဝမ်းဗိုက်နှင့် တစ်ဦးမှာ ဦးခေါင်းတို့တွင် လက်နက်ကျည်ကြီးစ ထိမှန်ဒဏ်ရာရခဲ့သည်ဟု တည်တောရွာသားက ဆက်ပြောသည်။

“လက်နက်ကြီးသံတွေက တဝုန်းဝုန်းနဲ့ ဆက်တိုက်ပဲ သေနတ်သံကလည်း ဆက်တိုက်ပဲ။ တော်တော်ကြာတယ်။ ပစ်လိုက်ရပ်သွားလိုက် ထပ်ပြန်ပစ်လိုက်နဲ့” ဟု ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်များသည် ထီးချိုင့်ဘောလုံးကွင်းတွင် တစ်ညအိပ်ပြီး စက်တင်ဘာ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကသာဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်သွားကြောင်း သိရသည်။

 
 

 

 

Most read this week

December 17, 2025
လာမည့် ၂၀၂၆ ခုနှစ်တွင် မြန်မာပြည်သူ ၁၂ သန်းကျော်သည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ပြင်းထန်စွာ...
December 16, 2025
စစ်ကော်မရှင်က ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိဘဲ စစ်အာဏာ...
December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...