စစ်ကောင်စီတပ်ဖွဲ့များက စိတ်ဝေဒနာရှင် လူငယ်တစ်ဦးကို ပစ်သတ်

စစ်ကောင်စီတပ်ဖွဲ့များက စိတ်ဝေဒနာရှင် လူငယ်တစ်ဦးကို ပစ်သတ်

မွန်ပြည်နယ် ရေးမြို့၊ ရေး-ချောင်းတောင် တံတားဂိတ်တွင် စိတ်ဝေဒနာရှင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောသည်။

ရေးမြို့နယ် ခေါဇာမြို့မှ အသက် ၂၇ နှစ်အရွယ် မောင်ရဲနိုင်ဦးသည် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က နေအိမ်မှ ထွက်သွားခဲ့ပြီး ည ၇ နာရီကျော် အချိန်ခန့်တွင် မောင်ရဲနိုင်ဦး ပစ်သတ်ခံရကြောင်းကို ရဲစခန်းက အကြောင်းကြားလာခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

"သူ (မောင်ရဲနိုင်ဦး) အိမ်က ထွက်သွားတော့ သူ့သူငယ်ချင်းတွေနဲ့ အတူရှိနေတယ်လို့ပဲ ထင်နေတာ။ ည ၇ နာရီ ကျော်ကျော်လောက်မှာတော့ ခေါဇာစခန်းကနေ ဖုန်းဆက်လာတယ်။ ချောင်းတောင် တံတားဂိတ်မှာ မောင်ရဲနိုင်ဦး ပစ်သတ်ခဲ့ရတယ်" ဟု သေဆုံးသူ မောင်ရဲနိုင်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

မောင်ရဲနိုင်ဦးသည် ထိုင်းနိုင်ငံမှ ပြန်ရောက်လာသည်မှာ ရက်ပိုင်းသာရှိသေးကြောင်း စိတ်ကျန်းမာရေးဝေဒနာ ခံစားနေရသူတစ်ဦးဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

မောင်ရဲနိုင်ဦး ရုပ်အလောင်းကို ပြန်ပေးရန် မိသားစုဝင်များက တောင်းဆိုခဲ့ကြသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အလောင်းကို ပြန်မပေးပဲ ၎င်းတို့အစီအစဉ်ဖြင့် သင်္ဂြိုဟ်ခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

"အလောင်းကို မျက်နှာလောက်ပဲ ကြည့်ခွင့်ပေးတယ်။ ကိုင်လည်းမပေးကိုင်ဘူး။ မျက်နှာကိုကြည့်ရုံနဲ့ ဘယ်လောက် နှိပ်စက်ခံထားရသလဲဆိုတာ သိနိုင်ပါတယ်" ဟု အဆိုပါ မိသားစုဝင်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မောင်ရဲနိုင်ဦးသည် စစ်ဆေးမေးမြန်းသည်ကို လက်မခံပဲ ထွက်ပြေးသည်ဟုဆိုကာ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့ကလည်း ရေး-ချောင်းတောင် တံတားဂိတ်တွင် ဗုံးလာပစ်သည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူတစ်ဦးကို ပစ်သတ်ခဲ့သေးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း၌ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မကြာခဏ ပစ်သတ်မှုဖြစ်စဉ်များ ဖြစ်ပွားနေသည့်အပြင် ယခုကဲ့သို့ လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်ဆေးသည်ကို လက်မခံပဲ ထွက်ပြေးသည်ဟုဆိုကာ ပစ်သတ်ခဲ့သည်များလည်း ရှိသည်။

ထို့အပြင် ညပိုင်းတွင် သွားလာနေကြသည့် ပြည်သူများကိုလည်း စစ်ဆေးမေးမြန်းခြင်း တစ်စုံတစ်ရာမပြုပဲ ပစ်သတ်သည့် ဖြစ်စဉ်များလည်းရှိသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...