ဧရာဝတီတိုင်း ထွေအုပ် ဒု-ဦးစီးမှူး ဖမ်းခံရ

ဧရာဝတီတိုင်း ထွေအုပ် ဒု-ဦးစီးမှူး ဖမ်းခံရ

ဧရာဝတီတိုင်း တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးမိုးကိုကိုလွင်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားသည်ဟု ၎င်းနှင့် နီးစပ်သူအချို့က ပြောသည်။

အသက် ၃၀ ကျော်အရွယ်ရှိ ဒု-ဦးစီးမှူး ဦးမိုးကိုကိုလွင်က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် မကောင်းကြောင်း ရေးသားထားသည့် post တစ်ခုကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေသဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ပုသိမ်မြို့ရှိ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းအချို့က ပြောသည်။

"သူကပြောင်းလာတာ သိပ်မကြာသေးဘူး။ ရုံးမှာ အလုပ်လုပ်နေတုန်း စစ်သား ၁၀ ယောက်လောက်ရောက်လာပြီး ဝင်ဖမ်းသွားတာပါ။ ရုံးစာကို ဖေ့စ်ဘုတ်တင်လို့ ဖမ်းတာလို့ပြောတယ်" ဟု ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။

တိုင်း ဒု-ဦးစီးမှူး ဦးမိုးကိုကိုလွင်ကို စက်တင်ဘာလ ၂၈ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်း၏ရုံးခန်းတွင် အလုပ်လုပ်နေချိန် ဖမ်းသွားခြင်းဖြစ်သည်ဟု ပြောသည်။

ဌာနအကြီးအကဲ ခွင့်ပြုချက်ဖြင့် ဒု-ဦးစီး အပါအဝင် ရုံးဝန်ထမ်း လူငယ် ၃ ဦးကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သော်လည်း လူငယ်ရုံးဝန်ထမ်း ၂ ဦးက ရုံးမတက်ဘဲ ရှောင်တိမ်းနေကြောင်း သိရသည်။

ဧရာဝတီတိုင်းရှိ ဌာနဆိုင်ရာရုံးများတွင် CDM လုပ်ခဲ့သည့် ဝန်ထမ်းများ၏ လူမှုကွန်ယက်စာမျက်နှာ (Facebook) တို့ကို သီးသန့်စောင့်ကြည့်ရန်အတွက် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးထားပြီး ရုံးဝန်ထမ်းအချင်းချင်း ပြန်လည်သတင်းပေးနိုင်ရန်လည်း ငွေကြေးပေးကာ ခိုင်းစေထားကြောင်း ဌာနဆိုင်ရာ ဝန်ထမ်းအချို့က ပြောသည်။

"စစ်ခေါင်းဆောင်ဟာ သူရဲ့လုပ်ရပ်က မမှန်တော့ နောက်ကျောမလုံဘူး။ အဲ့တော့ တပည့်မွေး ဆရာမွေး လုပ်မယ်။ သတင်းပေးမွေးမယ်။ ဒါပေမယ့် သူ့အာဏာမြဲဖို့အတွက် ဘယ်သူ့ကိုမှ မယုံတော့ဘူးဖြစ်နေတယ်” ဟု ပုသိမ်မြို့က အငြိမ်းစားဝန်ထမ်းဟောင်းတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ တတိယအပတ်ကလည်း ကန်ကြီးထောင့်မြို့နယ်မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံကိုလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ စစ်တပ်က ဖမ်းဆီးခဲ့ပြီး ယနေ့တိုင် ပြန်လွှတ်ပေးခြင်း မရှိသေးဘူးဟု ဒေသခံများက ဆိုသည်။

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...