ပျောက်ဆုံးနေသူ အမျိုးသမီးသတင်းထောက်ကို ဖမ်းဆီးထားကြောင်း ရဲကအကြောင်းကြား

ပျောက်ဆုံးနေသူ အမျိုးသမီးသတင်းထောက်ကို ဖမ်းဆီးထားကြောင်း ရဲကအကြောင်းကြား

မိသားစုနှင့် တစ်လခန့် အဆက်အသွယ်ပြတ်နေသည့် သတင်းထောက် မသူဇာသည် အောင်သပြေစစ်ကြောရေးစခန်းမှ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရဲစခန်းသို့ ရောက်ရှိနေသည်ဟု ရဲစခန်းမှ ဆက်သွယ်လာကြောင်း ခင်ပွန်းဖြစ်သူ ကိုရဲကိုက ပြောသည်။

စက်တင်ဘာလ ၂၉ ရက်နေ့၊ ည ၈ နာရီမထိုးခင်က ရဲစခန်းက ဖုန်းဆက်အကြောင်းလာပြီး မိသားစုအနေဖြင့် တွေ့ခွင့်မရသေးဘဲ မသူဇာလိုအပ်သည့် ပစ္စည်းများကို ရဲတပ်ဖွဲ့မှပင် လာယူမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ရဲစခန်းမှ မိသားစုထံ ဖုန်းဆက်အကြောင်းကြား၍ မသူဇာလိုအပ်သည့်ပစ္စည်းများကို လှမ်းမှာနေစဉ် မသူဇာ၏အသံကို ဖုန်းထဲမှ ကြားလိုက်ရကြောင်း ခင်ပွန်းဖြစ်သူက ပြောသည်။

“ရဲနဲ့ဖုန်းပြောနေတဲ့အချိန် သူနောက်ကနေ လိုတာတွေ လှမ်းမှာနေတာကြားတယ်။ သူ့အသံကတော့ အရင်လိုပါပဲ။ ကျန်းကျန်းမာမာပဲရှိမယ်ထင်ပါတယ်။ တွေ့ခွင့်ပေးမယ်ဆို ကျနော် အခုချက်ချင်းတောင် သွားတွေ့ချင်တာပေါ့ဗျာ” ဟု ခင်ပွန်းဖြစ်သူ ကိုရဲကိုက ပြောသည်။

သတင်းထောက်မသူဇာ၏နေအိမ်သို့ စစ်ကောင်စီအဖွဲ့များက မေလအတွင်းက လာရောက်ရှာဖွေခဲ့ရာ တိမ်းရှောင်နေသဖြင့် လွတ်မြောက်သွားခဲ့ပြီးနောက် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ အဆက်အသွယ်မရတော့ပဲ ပျောက်ဆုံးနေခြင်းဖြစ်သည်။

ယခု သတင်းထောက် မသူဇာကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားကြောင်း မသူဇာ၏ခင်ပွန်းက ဆိုသည်။

မသူဇာသည် ၂၀၀၇ ခုနှစ်ခန့်က သတင်းလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး မော်ဒန်၊ ဧရာဝတီသတင်းဌာန၊ RFA သတင်းဌာန၊ 7 Day သတင်းဌာန၊ Friday Time ဂျာနယ်တို့တွင် လုပ်ကိုင်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် Friday Time Journal၊ MPA သတင်းဌာနနှင့် ကိုရီးယားသတင်းဌာနတို့တွင် အလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်းတွင် တိမ်းရှောင်နေခဲ့ရသည်။

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...