စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းစက်သုံးဆီဈေးနှုန်း (၂) ဆကျော် မြင့်တက်လာလို့ စက်မှုလုပ်ငန်း လုပ်ကိုင်သူတွေက အရှုံးပေါ်ပြီး လုပ်ငန်းရပ်တန့်ရမယ့် အခြေအနေတွေကို ရင်ဆိုင်နေရပါတယ်။
ယခင်က တစ်လီတာကို (၇၀၀) ကျပ် ဝန်းကျင်မှာပဲရှိတဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ယခုအခါ အမျိုးအစားအလိုက် တစ်လီတာကို အနည်းဆုံး (၁၃၇၅) ကျပ်ကနေ အများဆုံး (၁၄၄၅) ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။
အခုလို အခြေအနေတွေကြောင့် စက်မှုလုပ်ငန်းလုပ်ကိုင်သူတွေဟာ တွက်ခြေမကိုက်တော့ဘဲ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
”အလုပ်လုပ်ရတာ အဆင်မပြေဘူး၊ ဒီလိုသာ စက်သုံးဆီစျေးနှုန်း ၂ ဆလောက်တက်လာတာ၊ ခါတိုင်း တစ်သိန်းဖိုးဝယ်သုံးရင် တစ်နေ့တာ လုပ်ငန်းလည်ပတ်ဖို့ အဆင်ပြေတယ်၊ အခုဟာက ၂ သိန်းဖိုးဝယ်မှ အဆင်ပြေတာဆိုတော့၊ အရင်းအနှီးမှာပဲ မနည်းဘူးကုန်နေပြီးလေ၊ ဒီတိုင်းတာ စျေးထပ်မြင့်နေရင်တော့ လုပ်ငန်းရပ်ဖို့ စီစဉ်ထားတယ်” လို့ လုပ်ငန်းရှင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စက်သုံးဆီအရောင်းဆိုင်တွေမှာလည်း ဈေးနှုန်းမြင့်တက်လာမှုကြောင့် ရောင်းအားက ယခင်ထက် တစ်ဝက်နီးပါး ကျဆင်းလာတယ်လို့ ဆိုပါတယ်။
”ခါတိုင်းဗျာ တရက်ကို သိန်း ၂၀ ဖိုးရောင်းရရင် အခုက ၁၀ သိန်းဖိုးပြည့်ဖို့က မလွယ်ဘူး၊ စျေးတက်တော့ ချွေတာသုံးစွဲလာတာလဲ ရှိတယ်၊ တချို့ဆို လုပ်ငန်းရပ်နားလိုက်ကြတယ်၊ နောက်ပြီး ဒီကာလမှာ အပန်းဖြေခရီးထွက်တာ မရှိဘူး၊ တချို့ဆို အရေးကြီးအလုပ်ကိစ္စရှိမှ သွားလာကြတာ၊ အဲဒါတွေကြောင့် ရောင်းအားတွေကျလာတာ” လို့ စက်သုံးဆီရောင်းချနေသူတစ်ဦးက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီကတော့ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ စီစဉ်ပေးမှုနဲ့ စက်သုံးဆီတွေကို ခွဲတမ်းအလိုက် အထူးဈေးနှုန်းနှင့် ရောင်းချပေးသွားမယ်လို့ ဆိုထားပါတယ်။
အဲ့ဒီနည်းလမ်းကတော့ စက်သုံးဆီဈေးနှုန်းကို ထိန်းချုပ်ဖို့ မှန်ကန်တဲ့နည်းလမ်းဟုတ်ဘဲ စစ်ကောင်စီနဲ့ပူးပေါင်းထားတဲ့ ကုမ္ပဏီတွေကိုသာ အကျိုးဖြစ်စေမှာလို့ တပိုင်တနိုင် စက်သုံးဆီရောင်းချသူတွေက မှတ်ချက်ပြုပါတယ်။







