မြန်မာကျပ်ငွေတန်းဖိုး အကျကြမ်းနေသဖြင့် မြဝတီမြို့ရှိ ထိုင်းကုန်ပစ္စည်းအရောင်းဆိုင် အတော်များများမှာ ထိုင်းဘက်ခြမ်းက ကုန်ပစ္စည်းဝယ်ယူမှုကိုရပ်တန့်ပြီး လက်ရှိ ဆိုင်တွင်းရှိ ကုန်ပစ္စည်းများကိုသာ ထုတ်ရောင်းပေးနေသည်ဟု သိရသည်။
ယခုတစ်လအတွင်း မြဝတီနယ်စပ် ထိုင်း-မြန်မာ ငွေလဲဈေးကွက်၌ မြန်မာကျပ်ငွေတန်ဖိုးမှာ ဆက်တိုက်ကျဆင်းလျက်ရှိသည့်အတွက် မကြုံဖူးသည့် ငွေစျေးပြောင်းလဲမှု ကြုံနေရသည်ဟု မြဝတီမြို့ရှိ ထိုင်း-မြန်မာ ငွေလဲဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ယမန်နေ့ ညပိုင်းအထိ ထိုင်းဘတ်ငွေ ၁၆၃၀ ကို မြန်မာငွေ ၁ သိန်းရှိရာမှ ဒီကနေ့ ညနေပိုင်းအထိ ထိုင်းဘတ်ငွေ ၁၄၈၀ လျှင် မြန်မာကျပ်ငွေ ၁ သိန်းထိ ဖြစ်လာပါပြီ။ ဒါဟာ မြဝတီနယ်စပ် ငွေလဲဈေးကွက်မှာ မကြုံဘူးတဲ့ ငွေဈေးပြောင်းလဲမှုဖြစ်စဉ်လို့ ဆိုရမှာပါ” ဟု ၎င်းက ပြောသည်။
ထိုသို့ မြန်မာငွေကြေးဆက်တိုက် ကျဆင်းလာမှုနှင့် ငွေလဲနှုန်းဈေးကွက် မတည်ငြိမ်မှုကြောင့် မြဝတီနယ်စပ်ရှိ ထိုင်းနိုင်ငံထုတ် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်အတော်များများမှာ ထိုင်းကုန်ပစ္စည်းများကို အသစ်မှာယူဝယ်တင်ခြင်းများ မပြုလုပ်တော့ဘဲ ယခင်ကဝယ်ယူထားသည့် ကုန်ပစ္စည်းများကိုသာ ရောင်းနေကြရခြင်းဖြစ်သည်။
မြဝတီမြို့ရှိ ထိုင်းလူသုံးကုန်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက “ဒီလထဲမှာ ထိုင်းဘတ်ဈေးက အတော်လေးကိုတက်နေတာ။ ဒီဘက်မှာက မြန်မာငွေနဲ့ ပြန်ရောင်းတဲ့အခါ ကုန်ပစ္စည်းဈေးနှုန်းက အဆမတန်ဈေးမြင့်တက်လာတယ်။ ဝယ်ယူသူတွေလည်း တော်ယုံမဝယ်နိုင်ကြဘူးလေ။ နေ့စဉ်နှင့်အမျှ ငွေလဲဈေးနှုန်းတွေကလည်း အပြောင်းအလဲရှိနေတော့ ကုန်ပစ္စည်းကို ဈေးနှုန်းသတ်မှတ်ဖို့ ခက်ခဲလာတယ်။“ ဟု ပြောသည်။
ထိုသို့ ထိုင်းနိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများကို ဝယ်ယူမှုတစ်ချို့ ရပ်နားထားနိုင်သော်လည်း မဝယ်မဖြစ်ဝယ်ယူရမည့် စားသောက်ကုန်များကိုမူ ထိုင်းဘက်ခြမ်းမှ ဝယ်ယူတင်သွင်းနေရဆဲဖြစ်သည်။
မြဝတီမြို့၏ အခြေခံစားသောက်ကုန်ဈေးကွက်တွင် စားသုံးဆီမှအစ ကန်းစွန်းရွက်အဆုံး ထိုင်းဘက်ခြမ်းမှ ဝယ်ယူစားသောက်နေကြရပြီး ယခုလို မြန်မာငွေဈေးကျ၍ ထိုင်းဘတ်ငွေ ဈေးတက်လာသည့်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများလည်း အဆမတန်ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ကရင်ပြည်နယ်၏မြို့တော် ဖားအံအပါအဝင် ပြည်နယ်တစ်ခုလုံးတွင် အခြေခံစားသောက်ကုန်များအပြင် အခြားကုန်ပစ္စည်းမျိုးစုံသည်လည်း အဆမတန် စျေးနှုန်းမြင့်တက်လျက်ရှိသည်ဟု သိရှိရသည်။







