ငပုတောမှ ရွာသား ၁၆ ဦးအား စစ်ကောင်စီ ဖမ်းဆီး

ငပုတောမှ ရွာသား ၁၆ ဦးအား စစ်ကောင်စီ ဖမ်းဆီး

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်မှ အသက် ၁၄ နှစ်သားတစ်ဦးအပါအဝင် ရွာသား ၁၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ကျေးရွာအတွင်း စစ်သား အယောက် ၁၀၀ ကျော်ခန့်ဖြင့် ဝင်ရောက်တပ်စွဲပြီးနောက် ငပုတောမြို့နယ် ငရုတ်ကောင်းကမ်းခြေမြို့၊ သဲဖြူကျေးရွာ၏ အဝင်ပေါက်နှင့် အထွက်ပေါက်များကို ပိတ်ဆို့ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

"စစ်သင်တန်းပေးနေတယ်ဆိုပြီးတော့ PDF လို့စွပ်စွဲပြီး ရမ်းသမ်းဖမ်းနေတာ။ ရိုက်နှက်ဖမ်းကြတာ" ဟု အသက် ၄၅ နှစ်အရွယ်ရှိ သဲဖြူကျေးရွာက ဒေသခံရွာသားတစ်ဦးက ပြောသည်။

၎င်းတို့ကျေးရွာတွင် စစ်သင်တန်းလေ့ကျင့်နေသည်ဟု မကြားမိ မမြင်မိကြောင်း၊ ဖမ်းဆီးခံရသူအများစုမှာ NLD ပါတီဝင်အချို့နှင့် ဝန်းရံသူများသာဖြစ်ကြကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ညက ကျေးရွာအားပိတ်ပြီး ရွာသားများကို PDF ဟုစွပ်စွဲ၍ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သဲဖြူရွာသားများက ပြောသည်။

စစ်သားများက ကျေးရွာထိပ်တွင် ယာယီအချုပ်ခန်းဆောက်ပြီး လိုက်ဖမ်းနေခြင်းဖြစ်သည်ဟု ဆိုသည်။

"လက်ရှိအခြေအနေက နောက်ထပ်ဖမ်းမှာကို ရွာသားတွေက စိုးရိမ်နေကြတယ်။ ကိုယ်မဟုတ်ပါဘဲ ဒလန်က ဂျောက်ချလိုက်မှာကို စိုးရိမ်နေတာ။ စစ်တပ်ကလည်း ဖမ်းတာနဲ့ PDF တံဆိပ်ံကပ်တော့တာပဲ" ဟု ငရုတ်ကောင်းဒေသခံ ဦးမြသိန်းက ပြောသည်။

စက်တင်ဘာ ၈ ရက်နေ့က ငပုတောမြို့နယ်၊ ငရုတ်ကောင်းကမ်းခြေမြို့ ဒေသရှိ သစ်ရောင်းရွာ၌နေထိုင်သူ ဦးလှမြင့်နှင့် ရွာသား ၄ ဦးကိုလည်း စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက PDF ဟုဆိုကာ ဖမ်းသွားပြီး ယနေ့တိုင် ပြန်လည်လွှတ်ပေးခြင်းမရှိသေးဘူးဟု ရွာသားများက ပြောသည်။

စက်တင်ဘာ ၇ ရက်နေ့က စစ်ကောင်စီကိုတော်လှန်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာခဲ့ပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်းရှိ ဒေသအတော်တော်များများတွင်လည်း အခြားသော တိုင်းနှင့်ပည်နယ်များရှိ ပြည်သူများ ဖမ်းဆီးခံနေသကဲ့သို့ စစ်ကောင်စီတပ်က အင်အားသုံးဖိနှိပ်မှုများ၊ ဖမ်းဆီးမှုများ ပိုများလာနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က ပြောသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...