ကျောက်မိုင်းလုပ်ငန်းတွေ အခွန်မသွင်းရင် လိုင်စင်ရုတ်သိမ်းမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

ကျောက်မိုင်းလုပ်ငန်းတွေ အခွန်မသွင်းရင် လိုင်စင်ရုတ်သိမ်းမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

မွန်ပြည်နယ်ရှိ ကျောက်မိုင်း လုပ်ငန်းရှင်တွေအနေနဲ့ စက်တင်ဘာလကုန်အပြီး အခွန်မသွင်းရင် လိုင်စင်ရုတ်သိမ်းမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်လာပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ကျောက်ထုတ်လုပ်မယ့် ကျောက်ကျင်း အရေအတွက် အပေါ်မူတည်ကာ တစ်ကျင်းကို ၅၀၀၀ ကျပ် နှုန်းဖြင့် အခွန်ငွေ ကြိုတင် သွင်းပေးကြဖို့နဲ့ အခွန်မသွင်းရင် လုပ်ငန်းလိုင်စင် ရုတ်သိမ်းမယ်လို့ ခြိမ်းခြောက်လာခဲ့တာ ဖြစ်ပါတယ်။

ကျောက်မိုင်းလုပ်ငန်းတွေကို အခွန်ပေးသွင်းကြဖို့ ဖိအားပေးလာတဲ့အတွက်ကြောင့် လုပ်ငန်းရှင်အများစု အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

“အခုက မရှိ ရှိတာ ရှာကျန်ပြီး သွင်းရတဲ့ သဘော ဖြစ်သွားတာပေါ့၊ အခွန်မသွင်းရင် ပိတ်မယ်ဆိုတော့ အဆင်မပြေဘူးပေါ့၊ပိတ်လိုက်ရင်လည်း အလုပ်သမားတွေ အားလုံး ဒုက္ခရောက်ကျမှာလေ” လို့ ကျောက်မိုင်း လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ကျောက်မိုင်းလုပ်ငန်း အများစုဟာ သယ်ယူပို့ဆောင်ရေး ခက်ခဲလာတာ၊ ကျောက်အရောင်းအဝယ် နည်းပါးလာတာ၊ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် ကျောက်မိုင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းကျော် လုပ်ငန်းရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျောက်မိုင်းလုပ်ငန်းသုံး ယမ်းတွေ အလွယ်တကူ ဝယ်ယူလို့မရတဲ့အတွက်ကြောင့် ကျောက်ထုတ်လုပ်ဖို့ ပိုမို ခက်ခဲလာကြပါတယ်။

“အခုက ဘာအရောင်းအဝယ်မှ သိပ်မရှိဘူး၊ပြီးတာ့ ယမ်းကလည်း စစ်တပ် အာဏာသိမ်းပြီးကတည်းက ဝယ်ဖို့ မလွယ်တော့ဘူး၊ ကျောက်ထုတ်ဖို့ တော်တော်ခက်ခဲသွားတယ်” လို့ ကျောက်မိုင်းလုပ်ငန်း တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက အခွန်ပေးသွင်းကြဖို့ ဖိအားပေးလာတဲ့အတွက်ကြောင့် ကျောက်မိုင်းလုပ်ငန်းအချို့ လုပ်ငန်းပိတ်သိမ်းဖို့ စာလာတင်နေကြပါတယ်။

မွန်ပြည်နယ်မှာတော့ ကျောက်မိုင်းလုပ်ငန်းပေါင်း ၁၀၀ ကျော် ရှိတာ ဖြစ်ပြီး လက်ရှိမှာတော့ ကျောက်မိုင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းကျော် လုပ်ငန်း ရပ်ဆိုင်းသွားပြီးလို့ ကျောက်မိုင်းလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

ကျောက်မိုင်းလုပ်ငန်းတွေ လုပ်ငန်း ရပ်ဆိုင်းသွားတဲ့အတွက်ကြောင့် ကျောက်မိုင်းလုပ်ငန်းတွေအပေါ် မှီခိုရပ်တည်နေရတဲ့ မိသားစု ထောင်ချီ စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

 
 

 

 

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...