အမေရိကန်တွင် သားကောင်အရေအတွက် ကန့်သတ်ချက် ကျော်လွန်ပစ်ခတ်ခဲ့သည့် ကရင်မုဆိုး ၁၆ ဦး အရေးယူခံရ

အမေရိကန်တွင် သားကောင်အရေအတွက် ကန့်သတ်ချက် ကျော်လွန်ပစ်ခတ်ခဲ့သည့် ကရင်မုဆိုး ၁၆ ဦး အရေးယူခံရ

အမေရိကန်နိုင်ငံ၊ မီဇိုရီ (Missouri) ပြည်နယ်တွင် သားကောင်ကန့်သတ်အရေအတွက် ကျော်လွန်ပြီး ပစ်ခတ်ခဲ့သည့် ကရင်အမျိုးသား မုဆိုး ၁၆ ဦးအား ပြည်နယ်၏ ထိန်းသိမ်းကာကွယ်ရေးဌာန တာဝန်ရှိသူများက စက်တင်ဘာလ ၂၂ ရက်နေ့က အရေးယူခဲ့သည်ဟု ၎င်းဒေသအခြေစိုက် သတင်းဌာနများ ရေးသားတင်ပြချက်အရ သိရသည်။

အဆိုပါ မုဆိုးအုပ်စုသည် မီဇိုရီပြည်နယ်အတွင်းရှိ Current River Conservation Area အနီးအနားတွင် နှစ်ရက်အတွင်း ရှဉ့်များကို အမဲလိုက်ပစ်ခတ်ခဲ့ရာ ရှဉ့်အကောင်ရေပေါင်း ၄၇၁ ကောင် ရရှိခဲ့သည့်အတွက် ကန့်သတ်ကောင်ရေထက် အဆမတန် များပြားသွားခဲ့သဖြင့် အနီးဝန်းကျင်ရှိ မြင်တွေ့ကြသူများက သက်ဆိုင်ရာ တာဝန်ရှိသူထံ တိုင်ကြားခဲ့သည့်အတွက် ယင်းသို့ အရေးယူခံရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

မီဇိုရီ (Missouri) ပြည်နယ်၏ ဥပဒေအရ လူတစ်ဦးလျင် တစ်ရက် (၂၄ နာရီ) အတွင်း ရှဉ့် ၁၀ ကောင်သာ ပစ်ခတ်ခွင့်ပေးထားပြီး နှစ်ရက်အတွင်း တစ်ဦးလျင် အများဆုံး အကောင် ၂၀ သာ လက်ဝယ်ထားရှိခွင့်ရှိသည်။

ယခုဖြစ်စဉ်တွင် မုဆိုး ၁၆ ဦးထံတွင် ရှဉ့်အကောင်ရေ ၄၇၁ လက်ဝယ်ရှိသည်ကို တွေ့ရှိခဲ့သည့်အတွက် ခွင့်ပြုထားသည့် အရေအတွက်ထက် ၁၅၁ ကောင် ကျော်လွန်နေသည့်အပေါ် ယခုလို အရေးယူခံရကြောင်း ရေးသားဖေါ်ပြထားသည်။

တဲထိုးပြီး အမဲလိုက်ခဲ့သည့် ကရင်မုဆိုး ၁၆ ဦးအား မီဇိုရီပြည်နယ် ထိန်းသိန်းကာကွယ်ရေးဌာန ကာကွယ်ရေးဌာနခွဲမှ တာဝန်ရှိသူ တပ်ကြပ် Brad Hadley နှင့် Eric Long တို့က သွားရောက်စစ်ဆေးကာ အရေးယူခဲ့ခြင်းဖြစ်ပြီး ကန့်သတ်ချက် ကျော်လွန်သည့် ရှဉ့်ကောင်ရေ ၁၅၁ ကောင်ကို တရားရုံးတွင် သက်သေအဖြစ် သိမ်းဆည်းလိုက်ကြောင်းလည်း ၎င်းဒေသတွင်းသတင်း၌ ဖော်ပြထားသည်။

အမေရိကန်ပြည်နယ်များတွင် အမဲလိုက်သည့် ရာသီများရောက်လျင် ဂိမ်း (Game) သဘောမျိုးဖြင့် တောကောင် အကြီး အငယ်အလိုက် သတ်မှတ်ချက် ဥပဒေများနှင့်အညီ ခွင့်ပြုချက်ဖြင့် အမဲလိုက်နိုင်သည့်နေရာများအား ဖွင့်လှစ်ပေးလေ့ရှိသည်။

အမေရိကန်နိုင်ငံရောက် ကရင်လူမျိုးတစ်ချို့လည်း အမဲလိုက်ဝါသနာပါသူများရှိသည့်အပေါ် ယခုလို အုပ်စုဖွဲ့ အမဲလိုက်လေ့ရှိကြသည်။

ယခုဖြစ်စဉ်မှာ အမဲလိုက်သည့်အခါတွင် တချို့က စည်းမျဉ်းစည်းကမ်းများကို အတိအကျ သိနားလည်ခြင်းမရှိသည့်အပေါ် ဥပဒေ ချိုးဖောက်ကျူးလွန်သူများရှိသလို စည်းမျဉ်းစည်းကမ်းများကို သိလျက်နှင့် ဥပေက္ခာပြုပြီး ချိုးဖောက်သူများလည်းရှိကြောင်း အမေရိကန်သို့ ရောက်ရှိနေထိုင်သော ကရင်အသိုင်းအဝိုင်းများက ဝေဖန်ပြောဆိုနေကြသည်။

ဓာတ်ပုံ - Missouri Department of Conservation

 
 

 

 

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...