ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅ (ခ) အမှု၌ တရားလိုပြသက်သေများအား စစ်ဆေးပြီးစီး

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅ (ခ) အမှု၌ တရားလိုပြသက်သေများအား စစ်ဆေးပြီးစီး

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုရင်ဆိုင်နေရသည့်အမှုများထဲမှ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅ (ခ) အမှု၌ နောက်ဆုံးစစ်ဆေးရမည့်တရားလိုပြသက်သေများကို ယနေ့တွင် စစ်ဆေးခြင်းပြီးစီးသွားပြီဟု သိရသည်။

ယင်းအမှုအတွက် နောက်ဆုံးစစ်ဆေးရန်ကျန်နေသည့် စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ပြန်ခေါ်သက်သေ (၃) ဦးကို ယနေ့ စက်တင်ဘာ ၂ဝ ရက်တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ် စစ်ဆေးပြီးစီးသွားပြီဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက နိရဥ္စရာအားပြောသည်။

“ပြန်ခေါ်သက်သေသုံးဦးကို စစ်တဲ့အတွက် တရားလိုဘက်က လိုပြသက်သေတွေအားလုံးကုန်ပြီ။ သက်သေတွေအားလုံးစစ်ပြီးပြီပေါ့။ ဦးညီပုကတော့ ဗွီဒီယိုကွန်ဖရင့်နဲ့တက်ရောက်ပြီး တရားလိုပြသက်သေတွေကတော့ ရုံးထုတ်ခဲ့တာပါ။ သူကဘယ်မှာဆိုတာမသိရဘူး။ ကျန်းကျန်းမာမာပဲ တွေ့လိုက်တယ်” ဟု ပြောသည်။

တရားလိုပြသက်သေများအား စစ်ဆေးပြီးစီးသွားပြီဖြစ်၍ လာမည့် စက်တင်ဘာလ ၂၈ ရက်ရုံးချိန်းတွင် ဦးညီပုကို စတင်စစ်ဆေးတော့မည်ဟု သူက ဆက်ပြောသည်။

ဦးညီပုသည် အာဏာသိမ်းဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ (၁) ရက်တွင် နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရပြီး ပြန်လွတ်လာပြီးနောက် ၄င်း၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ပြည်သူသို့ပြန်ကြားချက်ဆိုသည့် မိန့်ခွန်းရုပ်သံကိုတင်ခဲ့သဖြင့် ဖေဖော်ဝါရီ (၁ဝ) ရက်နေ့တွင် ထပ်မံဖမ်းဆီးခြင်းခံခဲ့ရသည်။

ယင်းနောက်် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ) ဖြင့် တရားစွဲဖမ်းဆီးခံခဲ့ရသလို နောက်ထပ် ပြည်နယ်ဝန်ကြီးဟောင်း ၄ ဦးနှင့်အတူ ဂွမြို့နယ်အတွင်းရှိ ရွာမရပ်ကွက်နှင့် ကင်းရုံကြားသောင်ထွန်းလျက်ရှိသော ဂုံးသောင်ပေါ်တွင် တန်ဖိုးနည်းမြေကွက်ဖော်ဆောင်ရာ၌ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်မညီဘဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်မှုစွပ်စွဲချက်ဖြင့် ဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅) ဖြင့် ထပ်မံတရားစွဲခံခဲ့ရသည်။

၄င်းနှင့်အတူ အဂတိလိုက်စာမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅) ဖြင့် တရားစွဲခံထားရသည့်ဝန်ကြီးဟောင်းများမှာ စိုက်ပျိုးရေး/ မွေးမြူရေး/ သစ်တောနှင့် သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်၊ လျှပ်စစ်/ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံနှင့် ဘဏ္ဍာ၊ အခွန်/စီမံကိန်းနှင့် စီပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းဖြစ်ပြီး ၎င်းတို့ကို မနက်ဖြန် စက်တင်ဘာ ၂၁ ရက်တွင် ရုံးချိန်းခေါ်ယူထားကြောင်း သိရသည်။

 
 

 

 

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...