တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပလမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့နှင့် ပတ်သက်ကူညီမှုများ ရှိနေသည်ဟုဆိုကာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားလူငယ်တစ်ဦးကို ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။
နေအိမ်တွင် နေထိုင်နေသည့် အသက် ၅၀ အရွယ် ဒေါ်ကျင်စန်းကို ပုလောက PDF များနှင့် ဆက်နွှယ်ပတ်သက် ကူညီပေးနေသူဖြစ်သည်ဟု စစ်ကောင်စီသတင်းပေးတစ်ဦးက စစ်ကောင်စီကို တိုင်ကြားခဲ့သည့်အတွက် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ဒေါ်ကျင်စန်း၏ အမျိုးသားမှာ PDF အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟုဆိုကာ တိုင်ကြားခံထားရသည်။
အလားတူ ပလမြို့တွင် ဆံသဆိုင်ဖွင့်ထားသူ အသက် ၁၉ နှစ်အရွယ်ခန့်ရှိ ကိုဟိန်းရာဇာကိုလည်း ဆိုင်ကယ်ဖြင့်သွားနေစဉ် စစ်ကောင်စီတပ်များက ဆိုင်ကယ်ရပ်ခိုင်းပြီး ဖမ်းဆီးသွားခဲ့သည်။
“ပလမှာ စစ်ကားဖြတ်တဲ့အချိန်နဲ့ သူနဲ့တိုးတော့ လူငယ်မို့ဖြစ်မယ်ထင်တယ်။ ခေါ်စစ်တာတွေ့တယ်။ နားသိပ်မကောင်းတော့ သိပ်မကြားရတာရယ် ကြောက်နေတာရယ်ကြောင့် မဖြေနိုင်လို့ ခေါ်သွားတာဖြစ်မယ်” ဟု မျက်မြင်တွေ့လိုက်သူတစ်ဦးက ပြောသည်။
ဒေါ်ကျင်စန်းနှင့် ကိုဟိန်းရာဇာတို့ အဖမ်းခံရသည်မှာ တစ်ရက်တည်းဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။
အဖမ်းခံရသူ ဒေါ်ကျင်စန်း၏နေအိမ်မှ ရွှေငွေအချို့ကိုပါ ရှာဖွေယူဆောင်သွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့များက နေအိမ်များကိုပါ မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ပလမြို့က အသက် ၅၀ အရွယ် ဒေသခံတစ်ဦးက ပြောသည်။
“စစ်ကားကြီးတစ်စီး၊ စစ်ကားငယ်တစ်စီးနဲ့လာတာ အင်အား ၃၀ ကျော်လောက်ရှိမယ်။ သေနတ်ပစ်ခတ်မှုတွေလည်းရှိတယ်။ ဝိုင်းခံရတဲ့အိမ်တွေက ဦးသိန်းစွန်ညို၊ မယုဌေး၊ ဦးမော်ဌေးတို့ အိမ်တွေ“ ဟု ပြောသည်။
ဒေါ်ကျင်စန်းကို လာရောက်ဖမ်းဆီးစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးအနားရှိ နေအိမ်အချို့ကိုပါ ဝိုင်းထားပြီး၊ သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ခြင်းများလည်းရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ဖမ်းဆီးခံထားရသည့် အကြားအာရုံ ချို့ယွင်းနေသူ ကိုဟိန်းရာဇာကို ပလမြို့ရဲစခန်းနှင့် ပုလောမြို့ရဲစခန်းတို့တွင် သွားရောက်စုံစမ်းကြသော်လည်း အဆိုပါနေရာများတွင် မတွေ့ရဘူးဟု မိသားစုဝင်များက ပြောသည်။
ကိုဟိန်းရာဇာကို မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရသေးပဲ ယခုအချိန်ထိ အဆက်အသွယ်မရသေးသည့်အတွက် စိုးရိမ်သည်ဟု ၎င်း၏ မိသားစုဝင်များ ပြောသည်။







