KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ နယ်မြေတွင် ယခင်လများနှင့် နှိုင်းယှဉ်လျှင် ယခု စက်တင်ဘာလအတွင်း စစ်ကောင်စီနှင့် နှစ်ဖက် ထိတွေ့တိုက်ပွဲ အကြိမ်အရေအတွက် တိုးလာသလို စစ်ကောင်စီဘက်ကလည်း အကျအဆုံး ပိုများလာသည်ဟု KNU က ထုတ်ပြန်သည့် တိုက်ပွဲမှတ်တမ်းများအရ သိရသည်။
စစ်ကောင်စီ၊ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်ဖွဲ့နှင့် တပ်မဟာ ၅၊ လက်အောက်ခံ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) တို့အကြား စက်တင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရက်သတ္တနှစ်ပတ်အတွင်း တိုက်ပွဲအကြိမ်ရေ ၁၂၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ယခင်လများထက် တိုက်ပွဲအကြိမ်ရေ တိုးလာကြောင်း တွေ့ရသည်။
ကေအဲန်ယူ၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဇူလိုင်တစ်လလုံးတွင် တိုက်ပွဲအရေအတွက် ၁၃၃ ကြိမ်သာ ဖြစ်ပွားခဲ့ပြီး ဩဂုတ်လတွင်လည်း တိုက်ပွဲပေါင်း ၁၃၀ ကြိမ်ဖြစ်ပွားခဲ့ကာ လက်ရှိ စက်တင်ဘာလ ၁၅ ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ ၁၂၂ ကြိမ်ရှိနေပြီး ဖြစ်သည်။
အလားတူ KNU တပ်မဟာ ၅၊ ဘက်မှ ထုတ်ပြန်သည့် တိုက်ပွဲဖြစ်ပွားမှု မှတ်တမ်းတွင်လည်း စစ်ကောင်စီနှင့်၎င်းလက် အောက်ခံ BFG တပ်ဖွဲ့ဝင်များ၏ ထိခိုက်ကျဆုံးမှုလည်း တိုးလာနေကြောင်းတွေ့ရပြီး ယခုလ ၁၅ ရက်အတွင်း ၇၀ ဦးကျဆုံးကာ ၉၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သို့သော် ယခင် ဩဂုတ်တစ်လလုံးတွင် ၆၅ ဦးကျဆုံးကာ ၁၀၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လဝက်အတွင်း ကျဆုံးသူ ပိုများလာသည်ကို တွေ့ရသည်။
အဆိုပါ တိုက်ပွဲများကြောင့် KNU တပ်မဟာ-၅ ဘက်က ပြီးခဲ့သည့်မေလမှ စက်တင်ဘာ ၁၅ ရက်နေ့အထိ KNLA တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးကာ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိစာရင်းများအရ အရပ်သား ၄ ဦးသေဆုံးကာ ၁၉ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း လစဉ်ထုတ်ပြန်သည့် တိုက်ပွဲအနှစ်ချုပ်စာရင်းများအရ သိရသည်။
KNU လက်အောက်ခံ KNLA တပ်မဟာ ၅ နှင့် KNDO တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သံလွင်မြစ်ကမ်းနံဘေးရှိ စစ်ကောင်စီတပ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်က ၎င်းတို့၏ ကျရှုံးစစ်စခန်းများကို ပြန်လည်ရယူရန် ကြိုးပမ်းတိုက်ခိုက်မှုများကြောင့် တိုက်ပွဲများ ပြင်းထန်နေရခြင်းဖြစ်သည်။
လက်ရှိ ပွင့်လင်းရာသီ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း KNLA အရာရှိများက သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။
အလားတူ KNU ၏ အချို့ဒေသများဖြစ်သည့် တပ်မဟာ (၁)၊ တပ်မဟာ (၂) နှင့် တပ်မဟာ (၃) နယ်မြေများတွင်လည်း နေ့စဉ် ထိတွေ့တိုက်ပွဲများရှိနေသလို စစ်ကောင်စီဘက်မှ အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် လူသားဒိုင်းအသုံးပြုခြင်း၊ ပေါ်တာဆွဲခြင်းများအပြင် ဒေသခံအရပ်သားပြည်သူများ၏ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းများလည်း ပြုလုပ်နေကြောင်း ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNU ပြန်ကြားရေးဌာန၏ ယနေ့ (စက်တင်ဘာ ၂၀) ထုတ်ပြန်သည့်စာရင်းထဲတွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၁) နယ်မြေအတွင်း စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုကြောင့် စက်တင်ဘာ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီနှင့် KNDO တပ်ရင်း (၁) တို့အကြားတိုက်ပွဲပေါင်း (၄၅) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် မှ ၃၅ ဦးကျဆုံးကာ ၅၁ ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြပါရှိသည်။







