သတင်းထောက်မသူဇာ အောင်သပြေစစ်ကြောရေးတွင် ရှိနိုင်ကြောင်း ရှေ့နေပြော

သတင်းထောက်မသူဇာ အောင်သပြေစစ်ကြောရေးတွင် ရှိနိုင်ကြောင်း ရှေ့နေပြော

ပုဒ်မ ၅၀ဝ ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသည့် သတင်းထောက် မသူဇာမှာ အောင်သပြေစစ်ကြောရေးတွင် ရှိနိုင်ကြောင်း ရှေ့နေအဖွဲ့က ပြောသည်။

“ကမာရွတ်စခန်းမှူးနဲ့ တွေ့တဲ့အခါကျတော့ အောင်သပြေစစ်ကြောရေးမှာ ရှိတယ်လို့ပြောတယ်။ သူတို့ဆီတော့ လာမပို့သေးဘူးလို့ပြောတယ်။ အတည်ပြုထားတာတော့ အောင်သပြေစစ်ကြောရေးမှာ ရှိတယ်လို့ပဲ အတည်ပြုထားပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။

သြဂုတ်လ နောက်ဆုံးအပတ်ခန့်မှ စတင်ပြီး အထူးတပ်ဖွဲ့ဟုခေါ်သည့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ တပ်ရင်းများ၊ စစ်တပ်တို့က သီးခြားဖမ်းနေပြီး ဖမ်းဆီးမှုပုံစံပြောင်းလဲလာကာ နယ်မြေခံရဲစခန်းကို သွားရောက်စုံစမ်းလျှင် မသိသကဲ့သို့ ခရိုင်ကလည်း မသိဖြစ်နေကြသည့်ဟု ဥပဒေအကြံပေးများ၏ ပြောပြချက်အရ သိရသည်။

သတင်းထောက်မသူဇာသည် မိသားစုနှင့် အဆက်အသွယ်မရသည်မှာ ၁၅ ရက်ကျော်လာပြီဖြစ်ပြီး ယနေ့အချိန်ထိ မိသားစုအနေဖြင့် သတင်းအစအနပင်ရသေးဘူးဟု မသူဇာ၏ ခင်ပွန်း ကိုရဲကိုက ပြောသည်။

“အခုအထိတော့ သူတို့ဖက်က ဆက်သွယ်လာမယ့် အချိန်ကို ထိုင်စောင့်နေရတာပဲ။ ဘာမှလုပ်လို့မရတာ။ ရှေ့နေတွေကတော့ အောင်သပြေ (စစ်ကြောရေး) မှာ ရှိနိုင်တယ်လို့ ပြောတယ်” ဟု ၎င်းကပြောသည်။

သတင်းထောက် မသူဇာ၏ နေအိမ်သို့ စစ်ကောင်စီအဖွဲ့များက မေလအတွင်းက လာရောက်ရှာဖွေခဲ့ဖူးပြီး တိမ်းရှောင်နေသဖြင့် ပထမအကြိမ်တွင် လွတ်မြောက်သွားခဲ့ရာ စက်တင်ဘာ ၁ ရက်၊ နေ့လည် ၃ နာရီ အချိန်ခန့် က အဆက်အသွယ်ရခဲ့ပြီး အပြင်သို့ရောက်နေကြောင်း၊ ထို့နောက် ဖုန်းစက်ပိတ်သွားပြီး ၎င်းတိမ်းရှောင်နေ သည့် နေရာသို့ ပြန်မရောက်လာနိုင်သည်မှာ ယနေ့အချိန်ထိဖြစ်သည်ဟု ခင်ပွန်းဖြစ်သူက ပြောသည်။

မိသားစုဝင်များအနေဖြင့် မသူဇာ ပျောက်သွားနေသည့် နေ့မှစတင်၍ ရဲစခန်းများတွင် သွားရောက်ရှာဖွေခဲ့သော်လည်း ဖုန်းစက်ပိတ်သွားသည့် နောက်ရမှစတင်၍ ယနေ့အချိန်ထိ အဆက်သွယ်မရတော့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

မသူဇာ၏ ခင်ပွန်းမှာလည်း မသူဇာကို ပထမအကြိမ် လာရောက်ရှာဖွေစဉ်က ဖမ်းဆီးခံခဲ့ရဖူးပြီး ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။

ယခုလ (စက်တင်ဘာလ) ၁၅ ရက်နေ့၊ ညပိုင်းကလည်း မဇ္ဈိမသတင်း အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ကိုမျိုးသန့်ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...