ကိုဗစ်စည်းကမ်း ဖောက်ဖျက်မိ၍ ဒုက္ခသည်စခန်းဆိုင်ရာ ထိုင်းလုံခြုံရေးက ရိုက်နှက်မှုဖြစ်ပွား

ကိုဗစ်စည်းကမ်း ဖောက်ဖျက်မိ၍ ဒုက္ခသည်စခန်းဆိုင်ရာ ထိုင်းလုံခြုံရေးက ရိုက်နှက်မှုဖြစ်ပွား

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်း၊ Zone B ရပ်ကွက်တွင် ကိုဗစ်ကာလ နေအိမ်တွင်သာနေထိုင်ရန် စည်းကမ်းချက်ကို ဖောက်ဖျက်၍ ခြင်းလုံး စုဝေးကစားမိခဲ့သူ စခန်းနေလူငယ်တစ်ဦးကို စခန်းလုံခြုံရေး တာဝန်ယူနေသည့် ထိုင်းလုံခြုံရေးအဖွဲ့ဝင် (အောဆော်) များက ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း စခန်းတွင်းတာဝန်ရှိသူများက ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ဒုက္ခသည်စခန်း၊ Zone B (B-3) ရပ်ကွက်တွင် နေထိုင်သူလူငယ် မောင်ရဲမင်းစိုး လူငယ်သည် စခန်းကချမှတ်ထားသည့် ကိုဗစ်စည်းကမ်းများကို ဖောက်ဖျက်ပြီး စခန်းလုံခြုံရေးများ တားမြစ်ပြောဆိုသည့်ကြားက စက်တင်ဘာ ၁၅ ရက်နေ့တွင် စုဝေးကာ ခြင်းလုံးခတ်ခဲ့ခြင်းကြောင့် ယင်းသို့ ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း စခန်းတာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“သူတို့က ခြင်းသွားခတ်တာ။ အောဆော် (စခန်းလုံခြုံရေး) တွေက လာမခတ်နဲ့လို့ပြောတယ် အဲ့ဘောလုံးကွင်းမှာ။ ကောင်လေးက နည်းနည်းမူးနေတာ။ မူးတော့ အောဆော်တွေကို ပြန်ပြီး ခဲနဲ့ပေါက်တာ နှစ်ချက်လောက်ရှိမယ်။ ဒါနဲ့ အောဆော်တွေ ဆင်းဖမ်းတော့ ကျန်တဲ့သူတွေက ပြေးကုန်ရော။ သူ့ကျတော့ အောဆော်က ခေါင်းတစ်ချက်နဲ့ မျက်နှာတစ်ချက်ကိုင်လိုက်တာ သူ မူးသွားတာပဲတဲ့ အဲ့လိုပြောတယ်။” ဟု ၎င်းစခန်းတာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ရိုက်နှက်ခံရသည့်အတွက်ကြောင့် မောင်ရဲမင်းစိုး၏ မျက်နှာ၊ ကျောပြင်နှင့် ခြေထောက်များတွင် ဒဏ်ရာများရရှိခဲ့ပြီး ယနေ့ စက်တင်ဘာ ၁၇ ရက်တွင် မဲဆောက်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ကာ ဆေးကုသထားနေရသည်ဟု စခန်းတာဝန်ရှိသူများက ပြောဆိုသည်။

အဆိုပါ ရိုက်နှက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ စခန်းတာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ဖြေရှင်းမှုပုံစံ အသေးစိတ်ကို မသိရှိရသေးသလို  ရိုက်နှက်ခံရသူမှာလည်း ဒုက္ခသည်စခန်းကို ထောက်ပံ့ကူညီပေးနေသည့် The Border Consortium (TBC) ၏ Shelter ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိရသည်။

မယ်ဒုက္ခသည်စခန်းတွင် စည်းကမ်းဖောက်ဖျက်သူများကို ဥပဒေမဲ့ ရိုက်နှက်မှုများ ကိုဗစ်ကာလအတွင်း ဖြစ်ပွားလေ့ရှိပြီး ယခုဖြစ်စဉ်အပါအဝင် ဩဂုတ်နှင့် စက်တင်ဘာ နှစ်လအတွင်း စခန်းလုံခြုံရေးများ၏ ဥပဒေပြင်ပ အနိုင်ကျင့်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မယ်လဒုက္ခသည်စခန်းတွင်း ဖြစ်စဉ်များကို ဖော်ပြလေ့ရှိသည့် လူမှုကွန်ရက်စာမျက်နှာတစ်ခု၌ ရေးသားဖော်ပြထားသည်။

လက်ရှိ Zone A, Zone B, Zone C သုံးပိုင်းခွဲထားသည့် မယ်လဒုက္ခသည်စခန်း၌ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရသူ ၁၀၀ ကျော်ရှိနေပြီး ကိုဗစ်ကာလအတွင်း စခန်းအတွင်း သွားလာမှုမပြုရန်နှင့် နေအိမ်အတွင်းသာ နေထိုင်ကြရန် (Stay Home) သတ်မှတ်ထားသည်ဟု စခန်းတာဝန်ရှိသူများထံမှ သိရသည်။

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...