Mytel တာဝါတိုင်စောင့်ဖို့ BGF ကို တာဝန်ပေး၊ သူတို့နဲ့အတူစောင့်ဖို့ တစ်ရက် ရွာသား ၄ ဦး အဓမ္မဆင့်ခေါ်

Mytel တာဝါတိုင်စောင့်ဖို့ BGF ကို တာဝန်ပေး၊ သူတို့နဲ့အတူစောင့်ဖို့ တစ်ရက် ရွာသား ၄ ဦး အဓမ္မဆင့်ခေါ်
စက်တင်ဘာ ၂ ရက်က ဘားအံမြို့နယ်၊ ပေါ့ထော်ရွာရှိ Mytel တာဝါတိုင် ဖျက်ဆီးခံရစဉ်။
စက်တင်ဘာ ၂ ရက်က ဘားအံမြို့နယ်၊ ပေါ့ထော်ရွာရှိ Mytel တာဝါတိုင် ဖျက်ဆီးခံရစဉ်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ထဲမှာရှိတဲ့ Mytel တာဝါတိုင်တွေရဲ့ လုံခြုံရေးအတွက် စစ်ကောင်စီက နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ကို တာဝန်‌ေပးထားတယ်လို့ ဒေသခံတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။

လှိုင်းဘွဲမြို့နယ် ဥဒေါင်းနဲ့ နန်းသားအုန်းကျေးရွာမှာရှိတဲ့ စစ်အုပ်စုပိုင် Mytel တာဝါတိုင်တွေ ဖျက်ဆီးမခံရဖို့အတွက်ဆိုပြီး BGF တပ်ဖွဲ့တွေလုံခြုံရေးယူဖို့ စစ်ကောင်စီက ညွန်ကြားထားတာဖြစ်ပါတယ်။

Mytel တာဝါတိုင်ကို လုံခြုံရေးယူထားတဲ့ BGF တပ်ဖွဲ့တွေအတွက် ဥဒေါင်းကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူက ရွာသူရွာသားထံကနေ တစ်အိမ်ကို ကျပ် ၂၀၀၀ နှုန်းနဲ့ လာရောက်ကောက်ခံသွားခဲ့တယ်လို့ ရွာသားတစ်ဦးက ပြောပြပါတယ်။

“မနေ့က အုပ်ချုပ်ရေးမှူးလူတွေက ပိုက်ဆံလာကောက်သွားတယ်။ တစ်အိမ်နှစ်ထောင် ပေးရတယ်။ ဘာအတွက်ကောက်တာလည်းဆိုပြီး မေးကြည့်တော့ မိုင်တဲတာဝါတိုင်ကို ကင်းစောင့်မယ် BGF တပ်ဖွဲ့တွေအတွက် ကောက်တာတဲ့။ တချို့ရွာသားတွေက အဆင်မပြေကြဘူးလေ။ ခက်ခဲတာပေါ့။ ကြိုက်တော့မကြိုက်ဘူး။ ဒါပေမဲ့ မပြောရဲကြဘူးလေ” လို့ ရွာသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရွာသားတွေကိုလည်း BGF တပ်ဖွဲ့တွေနဲ့အတူ တာဝါတိုင်ကို တွဲဖက်စောင့်ပေးဖို့ အဓမ္မဆင့်ခေါ်ထားပြီး ရွာအနေနဲ့ တစ်ရက်ကို ရွာသား ၄ ဦး ပို့ဆောင်ကာ တာဝန်ယူစောင့်ရှောက်ပေးရမယ်လို့လည်း အုပ်ချုပ်ရေးမှူးက အသိပေးထားပါတယ်။

“တနေ့ကို လူလေးဦးပေါ့။ တိုင်သွားစောင့်ပေးရမယ်။ BGF နဲ့အတူတူ စောင့်ရမှာပေါ့။ ရွာလူကြီးက ပြောတာ။ ရွာသားတွေအလှည့်ကျစောင့်ပေးရမယ်” လို့ ရွာသားတစ်ဦးက ဆိုပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာသူရွာသားတွေထံကနေ အတင်းအဓမ္မငွေကြေးကောက်ခံတာနဲ့ တာဝါတိုင်စောင့်ဖို့ လူခေါ်တဲ့အပြင် လုံခြုံရေးအတွက်ဆိုပြီး ရွာအဝင်/အထွက်နေရာတွေမှာ လုံခြုံရေးပါဝင်စောင့်ရှောက်ဖို့ကိုလည်း ပြောဆိုထားတယ်လို့ သိရပါတယ်။

ဥဒေါင်းကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူဟာ ကြံခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး ရွာအတွင်းက ကြံ့ခိုင်ရေးပါတီဝင်တချို့ကို လက်နက်တတ်ဆင်ပေးထားကာ ကျေးရွာကာကွယ်ရေးအဖွဲ့ကိုလည်း ဖွဲ့ရှိထားတယ်လို့ ရွာသားတစ်ဦးထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့ ဘားအံမြို့နယ် ပေါ့ထော်ကျေးရွာမှာရှိတဲ့ မိုင်တဲတာဝါတိုင် မီးရှို့ခံရပြီးတဲ့နောက် တာဝါတိုင်တွေရဲ့ လုံခြုံရေးအတွက် BGF တပ်ဖွဲ့တွေ တာဝန်ယူစောင့်ရှောက်ရပြီး အဲ့ဒီလို စောင့်ဖို့အတွက် ရွာအုပ်ချုပ်ရေးမှူးက ရွာသားတွေထံကနေ ငွေအား လူအားနဲ့ ကောက်ခံနေတာဖြစ်ပါတယ်။

 
 

 

 

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...