ကရင်နီနှင့် ရှမ်းတောင်တွင် အသတ်ခံရသူ အရပ်သား ၉၀ နီးပါးရှိပြီ
စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု ၇ လကျော်ကာလအတွင်း ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းခံရသူ အရပ်သား အယောက် ၉၀ နီးပါးခန့်ရှိသွားပြီဟု ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က ပြောသည်။
KCSN ပြောရေးဆိုခွင့်ရှိသူ ခူးကိုရယ်က “သတ်ဖြတ်တဲ့ဟာကျတော့ ကျနော်တို့က ၂ ပတ်တစ်ကြိမ် စာရင်းပြုစုပြီးမှ ကျနော်တို့ ထုတ်တဲ့ဟာရှိတယ်ပေါ့နော်။ ဒီနောက်ဆုံးတစ်ကြိမ်ကျတော့ အသတ်ခံရတာက ၈၆ ယောက်လောက်ရှိပြီပေါ့” ဟု ပြောသည်။
စစ်ကောင်စီတပ်များ လှုပ်ရှားမှုရှိသည့် ကရင်နီပြည်နယ်အတွင်းက မြို့နယ်တိုင်းလိုလိုတွင်ပင် ပြည်သူများ သတ်ဖြတ်ခြင်းခံနေရပြီး များသောအားဖြင့် လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆို၊ ဘော်လခဲနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် ဖြစ်သည်ဟု ဆိုသည်။
သတ်ဖြတ်ခံရသည့် ပြည်သူများသာမက ဖမ်းဆီးခံရသူများနှင့် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု ခူးကိုရယ်က ပြောသည်။
၎င်းက “နောက်ပြီးမှ အဖမ်းခံရတဲ့ဟာကျတော့ ၁၇၉ ထိခိုက်ဒဏ်ရာရတာကတော့ ၁၁၁ ပေါ့” ဟု ပြောသည်။
အဆိုပါ စာရင်းများမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က လက်လှမ်းမှီသလောက် ပြုစုထားသည့် စာရင်းများသာဖြစ်သည်ဟု ခူးကိုရယ်က ပြောသည်။
ဖမ်းဆီးခံထားရသူများကို လူသားဒိုင်းကာအဖြစ်ထားကာ လမ်းပြခေါ်ဆောင်သွားသကဲ့သို့ ရိုက်နှက်ညှင်းပန်းမှုများလည်းရှိသည်ဟု KCSN က ဆိုသည်။
“အရင်တုန်းက လွိုင်လင်လေးမှာ သူတို့ အဖမ်းခံရတဲ့သူတွေရှိတယ်။ အဲဒါလည်း အဲလိုပါပဲ ဖယ်ခုံမှာလည်း အဲလိုပဲ သူတို့အဖမ်းခံပြီးမှ လမ်းပြအဖြစ်သူတို့ ခေါ်ဆောင်သွားတာပေါ့။ တစ်ချို့ကျတော့ လမ်းပြအဖြစ်တောင် မဟုတ်ပဲနဲ့ ရိုက်နှက်တာရှိတယ်။ ဒီမောဆိုမှာလည်း ပြီးခဲ့တဲ့ တလောကပဲ သူတို့ မီးပွိုင့်အနားမှာ သူတို့ အဖမ်းခံရပြီးတော့ သေနတ်နဲ့ထုတယ် ရိုက်နှက်တယ်ပေါ့။ အဲဒါလည်း သူတို့ စစ်ကြောင်းသွားတဲ့နေရာတိုင်းကို သူက ခေါ်သွားတယ်” ဟု ခူးကိုရယ်က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ကုန်းဆုံးကျေးရွာအုပ်စု ရွှေပြည်အေးရွာရှိ ဒေသခံ တောင်သူ ဦးမောင်ကြီးနှင့် ဇနီးဒေါ်ဝင်းကြည်တို့အား ၎င်း၏ တောင်ယာစိုက်ခင်းအနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ နံနက် ၈ နာရီခွဲခန့်တွင် ဖမ်းဆီးကာ လူသားဒိုင်းနှင့် လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့သည်ဟု KCSN မှ ပြုစုထားသည့် စာရင်းအရ သိရသည်။
စက်တင်ဘာလ ၆ ရက်နေ့ကလည်း လွိုင်ကော်မြို့နယ် ပန်ကန်းတွင်နေထိုင်သည့် လူငယ် ၂ ဦးအား ဒီမော့ဆိုမြို့နယ် ၆ မိုင်ဂိတ်တွင်လည်းကောင်း၊ စက်တင်ဘာလ ၇ ရက်နေ့ကလည်း ကုန်းသာမှ ရေဖြူသို့ ပြောင်းဖူးခူးရန်သွားသည့် ကုန်းသာလူငယ်တစ်ဦးကို ကယန်းသာယာဂိတ်အကျော် သပြေကုန်းတွင်လည်းကောင်း စစ်ကောင်စီတပ်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။
ထို့အပြင် စက်တင်ဘာလ ၈ ရက်နေ့က ဖယ်ခုံ-ပင်လောင်း ကားလမ်းမပေါ်တွင် ဆိုင်ကယ်စီး၍သွားနေသည့် အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်များက ပစ်ခတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရာမှ အိမ်ပြန်လာသည့် လူငယ်နှစ်ဦးဖြစ်သည့် ပါစကေးလယ်နှင့် ပါဒေးလယ်တို့အား ခမရ ၄၂၇ မှ ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ဒီးမော့ဆိုမြို့နယ် ကန်ခုနှစ်ဆင့်သို့ ထိုးစစ်ဆင်သွားသော စစ်ကောင်စီတပ်များက လမ်းပြခေါ်ဆောင်သွားခြင်းနှင့် စက်တင်ဘာလ ၁၀ ရက်နေ့က ဒီးမော့ဆိုမြို့နယ် ပါဒေါဒူကျေးရွာမှ ဆယ်ကျော်သက်ကလေး ၃ ဦးကို ဒီးမော့ဆို မီးပွိုင့်လမ်းထောင့်တွင် ဖမ်းဆီးသွားသည်ဟု KCSN က ပြောသည်။
“တချို့ကျတော့ ကြိုးနဲ့ နောက်ပြန်တုတ်ပြီးမှ ခေါ်သွားတာပေါ့ အဲဒါက တကယ်ကို စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်။ ဥပမာ တကယ်လို့များ ကျနော်တို့ရဲ့မြို့နယ်မှာ အခြေစိုက်ထားတဲ့ KNDF နဲ့ သွားပြီးမှ တိုးမယ်ဆိုရင် ဒီလူတွေက ဘာမှ အကာအကွယ်ရစရာ ဘာမှမရှိဘူးပေါ့။”
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်းတွင် စစ်ကောင်စီတပ်များမှ ဒေသခံလူထုများအား သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအဖြစ် စွတ်စွဲကာ ဖမ်းဆီးခြင်း၊ လက်နက်ကြီးများဖြင့် လူထုနေထိုင်ရာ ဒေသများသို့ ပစ်ခတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လူထု၏ အိမ်မွေးတိရစ္ဆာန်များကို ဖမ်းယူစားသောက်ခြင်း အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်နေသည်ဟု ဆိုသည်။
ဂျနီဗာကွန်ဗင်းရှင်း သတ်မှတ်ချက်များအရ စစ်ဖြစ်ရာနယ်မြေများတွင် အရပ်သားများအပေါ် ပြစ်မှုကျူးလွန် သတ်ဖြတ်ခြင်းမှာ စစ်ရာဇဝတ်မှုမြောက်သည်။







