ဖားအံမြို့အနီး ကျေးရွာများတွင် စစ်ကားများ ဖြတ်သန်းသွားလာမှုကြောင့် ဖမ်းဆီးခံရမည်ကို ရွာသားများ ထိတ်လန့်နေ

ဖားအံမြို့အနီး ကျေးရွာများတွင် စစ်ကားများ ဖြတ်သန်းသွားလာမှုကြောင့် ဖမ်းဆီးခံရမည်ကို ရွာသားများ ထိတ်လန့်နေ

ဖားအံမြို့အနီးရှိ ကျေးရွာများတွင် စက်တင်ဘာလ ဒုတိယပတ်အတွင်း မြို့တွင်းမြို့ပြင်၌ စစ်တပ်ကားများ ဖြတ်သန်းသွားလာခြင်းများကြောင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်သည့်အတွက် ရွာသားအချို့မှာ ညပိုင်းတွင် ရှောင်တိမ်းရမှုများရှိနေကြောင်း ရပ်ကွက်၊ ကျေးရွာနေထိုင်သူများထံမှ သိရှိရသည်။

စစ်ကောင်စီတပ်မှ စစ်ကားများမှာ ဖားအံမြို့အနီးအနားရွာများသို့ ဝင်/ထွက်ခြင်း၊ အရပ်သားကားများဖြင့်လည်း သွားလာနေခြင်းများကြောင့် မြို့တွင်းရှိ နေထိုင်သူများအပါအဝင် ကျေးရွာအချို့မှ ဒေသခံရွာသူရွာသားများမှာ စိုးရိမ်စိတ်ဖြင့် နေထိုင်သွားလာနေရသည်ဟု ရွာခံအချို့က ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့တောင်ဘက်ရှိ ရွာခံတစ်ဦးက “အခုရွာမှာနေတဲ့လူတွေက နေ့နေ့ညည ကြောက်နေရတယ်။ ရွာတွေထဲမှာ ကားတွေဝင်/ထွက်ရှိတော့ ဘာကိုဖမ်းဖို့လာလဲ မသိဘူး။ တချို့ပြောတာက PDF လိုက်စုံစမ်းတယ်။ တချို့ကတော့ ပေါ်တာတွေဖမ်းမယ်လို့ ကြားတယ်။ CDM သမားတွေကိုလည်း လိုက်ဖမ်းဖို့ရှိတယ်ကြားတယ်။ မြို့တွေမှာလည်း လူလိုက်ဖမ်းတယ်။ သူတို့ဖမ်းချင်တဲ့လူမရှိရင် ရွာတွေမှာလိုက်ဖမ်းမယ်။ အခုရွာမှာနေရတာလည်း လုံးဝ မလုံခြုံတော့ဘူး” ဟု ပြောသည်။

ထို့အပြင် ဖားအံမြို့ထဲတွင်လည်း စစ်ကောင်စီဘက်မှ ဖမ်းဆီးမှုများ ညတိုင်းနီးပါးရှိလာသလို စက်တင်ဘာလ ၉ ရက်နေ့ကလည်း ဖားအံမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်အချို့ကို ညဘက် ဝင်ရောက်ဖမ်းဆီးမှုများရှိကြောင်းလည်း ဖားအံမြို့ခံများက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် စက်တင်ဘာလ ၁၀ ရက်နေ့က ရေးသားထားကြသည်။

အလားတူ ဖားအံမြို့အနီး ပေါ့ထော်ကျေးရွာတွင်လည်း Mytel တာဝါတိုင် မီးရှို့ခံရသည့်ကိစ္စနှင့်ပတ်သက်၍ ကျေးရွာလူထုအချို့ ဖမ်းဆီးခံရမှုရှိခဲ့ပြီး ပြန်လည်လွှတ်မြောက်လာသူရှိသလို ထိန်းသိမ်းခံထားရဆဲလည်း ရှိနေသေးသည့်အတွက် ရွာသားအချို့မှာ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “သူတို့က မသင်္ကာရင် အကုန်လိုက်ဖမ်းတာဘဲ။ ဒီအချိန်မှာ ဘယ်သူမဆို အဖမ်းခံမထိတာ အကောင်းဆုံးပဲ။ ကိုယ်ဘာမှမလုပ်တောင်မှ အဖမ်းခံရတတ်တယ်။ ဘာမှမလုပ်ကိုင်ရဲတော့ဘူး။ ကြောက်ပဲလိုက်ကြောက်နေရတဲ့ အခြေအနေရောက်ပြီ။” ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းသို့ သတင်းများထွက်ပေါ်နေသော်လည်း ရွာသားများ အဖမ်းခံရမှုရှိ/မရှိကို အတည်ပြုချက်ရရှိနိုင်ရန် ကေအိုင်စီက စုံစမ်းမေးမြန်းသော်လည်း လက်ရှိအချိန်ထိ အဖမ်းခံရသည့် သတင်းအတိအကျကိုမူ မသိရှိသေးပေ။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်နေ့တွင် အရေးပေါ်ကြေငြာချက် ထုတ်ပြန်ပြီးသည့်နောက်ပိုင်း ဖားအံမြို့ အဝင်/အထွက်လမ်းများတွင် စောင့်ကြည့်စစ်ဆေးမှုများကို တိုး၍ ဆောင်ရွက်သည့်အပြင် မြို့တွင်းရှိ အချို့နေရာများ၌လည်း လမ်းသွားလမ်းလာများကို စစ်ဆေးမေးမြန်းမှုများရှိလာကြောင်း မြို့ခံများထံမှ သိရသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...