ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းမှုကြောင့် ထိုင်းကုန်စည်တင်သွင်းရန် ကုန်သည်များ စောင့်ကြည့်နေ

ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းမှုကြောင့် ထိုင်းကုန်စည်တင်သွင်းရန် ကုန်သည်များ စောင့်ကြည့်နေ

မြဝတီမြို့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ယခုရက်ပိုင်းအတွင်း မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေမှုကြောင့် ထိုင်းကုန်စည် တင်သွင်းရန် နယ်စပ်ကုန်သည်များ အခြေအနေစောင့်ကြည့်နေရသည်ဟု မြဝတီနယ်စပ်ကုန်သည်များအသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်က ပြောသည်။

နယ်စပ်ငွေကြေးဈေးကွက်တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက မြန်မာကျပ်ငွေ တစ်သိန်းလျှင် ထိုင်းဘတ်ငွေ နှစ်ထောင်ဝန်းကျင်ရှိရာမှ ယခု စက်တင်ဘာ ၁၁ ရက်နေ့တွင် ကျပ်တစ်သိန်းလျှင် ထိုင်းဘတ် ၁၆၈၀ ထိသာ ရှိတော့သည့်အတွက် မြန်မာကျပ်တန်ဖိုး ထိုးကျသည့်အခြေအနေသို့ ရောက်ရှိနေကြောင်း ကုန်သည်များထံမှ သိရသည်။

အလားတူ ယခင် ဩဂုတ်လအတွင်းက ထိုင်းနိုင်ငံထုတ် ပဲလွန်းဆီ ၁ လီတာဗူး (၁) ဖာလျှင် ထိုင်းဘတ်ငွေ ၅၀၀ ခန့် မြန်မာကျပ်ငွေ ၂၅,၀၀၀ ဝန်းကျင်ရှိရာမှ ယခုရက်ပိုင်းအတွင်း မြန်မာငွေစျေးကျမှုကြောင့် နယ်စပ်စျေးကွက်မှာပင် ကျပ် ၃၂,၀၀၀ ခန့်ပေး၍ ဝယ်နေရသည်ဟု နယ်စပ်ကုန်သည်များက ပြောဆိုသည်။

ယခုလို ကျပ်ငွေတန်ဖိုး ထိုးကျမှုကြောင့် ထိုင်းကုန်စည်များကို ဈေးကြီးပေးဝယ်နေရသလို အကျိုးဆက်အနေဖြင့် ပြည်တွင်း၌ ထိုင်းကုန်စည်များ ဈေးနှုန်းကြီးမြင့်လာသည်ဟု မြဝတီမြို့ခံများက ပြောသည်။

“မြဝတီမြို့မှာက ဟင်းသီးဟင်းရွက်ကစပြီး အဆင့်မြင့် လူသုံးကုန်ပစ္စည်းတွေအထိ ထိုင်းကနေ ဝယ်ယူဖြန့်ဖြူး ရောင်းချတာ များတယ်။ ယခုလို မြန်မာငွေစျေး အဆမတန် ကျဆင်းလာတော့ ကုန်ဈေးနှုန်းမြင့်တက်လာတယ်။ ကိုဗစ်ကာလအတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေ အတော်လေး အခက်အခဲရှိနေတယ်” ဟု မြဝတီမြို့ခံ ကိုဝင်းဇော်က ပြောသည်။

ယခုလို ငွေကြေးဈေးကွက် မတည်မငြိမ်ဖြစ်နေပြီး မြန်မာကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းမှုဖြစ်စဉ်မျိုး ယခင်က မရှိခဲ့ကြောင်း မြဝတီငွေကြေးလဲလှယ်ရေးဈေးကွက် လုပ်ဆောင်နေသူများထံမှ သိရသည်။

 
 

 

 

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...