၁၆ ပဲရည် ရွှေ ၁ ကျပ်သားကို ကျပ် ၁၈ သိန်းခွဲအထိ စံချိန်တင်ထိုးတက်

၁၆ ပဲရည် ရွှေ ၁ ကျပ်သားကို ကျပ် ၁၈ သိန်းခွဲအထိ စံချိန်တင်ထိုးတက်

ယနေ့တွင် ၁၆ ပဲရည် ရွှေ ၁ ကျပ်သားကို ကျပ် ၁၈ သိန်းခွဲအထိ စံချိန်တင်ထိုးတက်သွားကြောင်း သတင်းရရှိသည်။

၁၆ ပဲရည် ရွှေ တစ်ကျပ်သားကို ယမန်နေ့က ၁,၈ဝ၂,ဝဝဝ ကျပ်ခန့်ရှိခဲ့ရာမှ ယနေ့ စက်တင်ဘာလ ၁ဝ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ကျပ် ၁၈ သိန်းခွဲအထိ ထိုးတက်သွားခဲ့ကြောင်း စစ်တွေရှိ ရွှေအရောင်းဆိုင်များမှ သိရသည်။

ယင်းသို့ ရွှေစျေး အဆမတန် ထိုးတက်သွားခဲ့သည့်အတွက် ရွှေအရောင်းအဝယ်လည်း ကျဆင်းသွားကြောင်း စစ်တွေမြို့မစျေးကြီးရှေ့မှ မြင့်မိုရ်ရိပ် ရတနာရွှေဆိုင်ပိုင်ရှင် ဒေါ်ခင်မေကျော်က နိရဥ္စရာအားပြောသည်။

“ဆိုင်ကြီးတွေမှာက သူ့ဖောက်သည်နဲ့သူ နည်းနည်းရောင်းရပေမဲ့ ဆိုင်ငယ်တွေက အရောင်းနည်းသွားတာပေါ့။ စျေးကလည်း ပုံမှန်မဟုတ်တဲ့အတွက်ရောင်းမဲ့လူကလည်း ဒီထက်ပိုတက်လာမလား၊ ဝယ်တဲ့လူကလည်း စျေးကျလာမလား ချိန်ဆနေလို့ အရောင်းအဝယ်မဖြစ်တော့တာပါ။ လုံးဝကြီးမရောင်းရတာမဟုတ်ပေမဲ့ အရောင်းနည်းသွားတာပေါ့” ဟု ပြောသည်။

စစ်တွေတွင် ယနေ့ နံနက်ပိုင်းက ၁၆ ပဲရည် ၁ ကျပ်လျှင် ကျပ် ၁,၈၂ဝ,ဝဝဝ ခန့်ဖြင့်ရောင်းချခဲ့သော်လည်း နေ့လယ် ၁၂ နာရီခန့်တွင် နောက်ထပ် ၃ သောင်းဝန်းကျင်ထိုးတက်သွားခဲ့ခြင်းဖြစ်ကြောင်း ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။

စစ်တွေမြို့မစျေးကြီးရှေ့ ရွှေပန်းထိမ်ဆိုင်တန်းမှ လှိုင်ရတနာရွှေဆိုင်ပိုင်ရှင် ဦးမောင်လှတင်က “ဦးလေးတို့အထင် ၁၆ သိန်းလောက်တုန်းက ဒီထက်တက်ပါ့မလားလို့ထင်ခဲ့တယ်။ အခုလည်း ဒီထက်တော့ သိပ်တက်ပါ့မလားလို့တော့ မှန်းတယ်။ ဒါပေမဲ့ ဝယ်လိုအားနဲ့ရောင်းလိုအားအပေါ်မူတည်ပြီးစျေးကတော့ တက်လာတာမြင်တယ်။” ဟု ပြောသည်။

စစ်တွေမြို့မစျေးကြီးကို ကိုဗစ်ကြောင့် နေ့လယ် ၂ နာရီခန့်အထိသာရောင်းချခွင့်ပြုထားသဖြင့် နယ်မှလာသည့် စျေးဝယ်သူများမှာ စျေးပိတ်သည့်အချိန်ပြန်သွားကြသဖြင့် ရွှေနှင့် အခြားကုန်စည်များ ဝယ်လိုအား၊ ရောင်းလိုအား ပို၍ ကျဆင်းလာနေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...