လယ်မူလား (ပုလော) မြို့နယ်ရှိ စစ်ရှောင်ရွာသားများ နေရပ်မပြန်ရဲသေး

လယ်မူလား (ပုလော) မြို့နယ်ရှိ စစ်ရှောင်ရွာသားများ နေရပ်မပြန်ရဲသေး

တနင်္သရီတိုင်းဒေသကြီး၊ လယ်မူလား (ပုလော) မြို့နယ်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ -၄၊ လက်အောက်ခံတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင်နေရသည့် ဒေသခံများ အဖမ်းခံရမည်စိုး၍ နေရပ်မပြန်ရဲသေးကြောင်း ဒေသခံများက ပြောသည်။

“အခုချိန်ထိ မပြန်လာရဲသေးဘူး၊ ပြေးတဲ့သူတွေက။ အခု ထွက်ပြေးနေရတဲ့ရွာက ၅ ရွာရှိတယ်။ လူဦးရေ ဘယ်လောက်ရှိလဲတော့ မသိဘူး။ သတင်းတွေကြားမိတာက ပေါ်တာဆွဲမယ်ဆိုလား မိန်းကလေးရော၊ ယောကျ်ားလေးတွေရော တွေ့သမျှ အကုန်ဖမ်းမယ်ဆိုပြီး သတင်းကြားမိတော့ ရှောင်နေကြတာလည်းပါတယ်” ဟု ဒေသခံအမျိုးသမီးတဦးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ပြန်ဆုတ်သွားပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားမှု မရှိသေးကြောင်း ဒေသခံများက ပြောသည်။

သို့သော် ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်များ ထပ်မံဝင်ရောက်လာမည်ကို စိုးရိမ်သောကြောင့် ဆက်လက်တိမ်းရှောင်နေသူတချို့ရှိသလို ရွာများသို့ ပြန်လည်ဝင်ရောက်နေထိုင်သူတချို့လည်း ရှိနေပြီဖြစ်သည်။

“တိုက်ပွဲဖြစ်ပြီးတဲ့နောက် သူတို့ (စစ်ကောင်စီ) ပြန်ဆုတ်သွားတော့ ပြန်ငြိမ်သွားတယ်။ ဘာမှတော့ဖြစ်တာမကြားရပေမဲ့ စိုးရိမ်နေရတုန်းပဲ။ ဒေသခံတွေက သတိထားနေရတယ်။ ဖြစ်တော့ ဆက်ဖြစ်နိုင်တယ် ဘယ်အချိန်ဖြစ်မလဲဘဲ မသိရတာ။ အခုဘယ်မှ မသွားရဲဘူး” ဟု ပုလောမြို့နယ်၊ ဒေသခံအခြားအမျိုးသမီးတစ်ဦးက ပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်များအနေဖြင့် ၎င်းတို့ နယ်မြေအတွင်း ပြန်လည် ဆုတ်ခွာသွားပြီးဖြစ် ကြောင်းနှင့် လက်ရှိတွင်လည်း တိုက်ပွဲ ဖြစ်နိုင်ချေ မရှိသေးဟု ကေအဲန်ယူ၊ ဘိတ်-ထားဝယ်ခရိုင် ပြောခွင့်ရ ပဒို စောဖလော်စိုးဝင်းက ယခုလို ပြောသည်။

“ပုလောဘက်က ပစ်ခတ်မှုပြီးတဲ့နောက်တော့ စစ်ကောင်စီဘက်က ပြန်ဆုတ်သွားပြီးလေး။ အခုက တိုက်ပွဲဖြစ်လာဖို့အခြေအနေ မရှိသေးပါဘူး။ ပြီးတော့ သတင်းတွေ ထွက်နေသလိုမျိုး အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးတယ်ဆိုတာက မဖြစ်နိုင်ပါဘူး။ ရန်သူကို အထင်သေးတာတော့ မဟုတ်ပေမဲ့ သူတို့ အင်အားအဲ့လောက်နဲ့ စစ်ကြောင်းထိုးတာမျိုး မရှိပါဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့တွင် တပ်မဟာ (၄) နယ်မြေထဲကို တပ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက် လာသည့် စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၇ နှင့် ထားဝယ်ဒေသခံ PDF များပါဝင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံမီဒီယာများ၏ သတင်းများတွင် ဖော်ပြထားသည်။

အလားတူ ဩဂုတ်လကုန်ပိုင်တွင် ကေအဲန်ယူ၊ တပ်မဟာ -၄၊ ဘိတ်-ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကျေးဇူးတော် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် PDF များကိုရှာဖွေရန် ရောက်ရှိလာရာ ရွာသားများ ထွက်ပြေးခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သေးသည်။

 

 
 

 

 

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...