ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းနှင့် စစ်ကောင်စီတပ်စခန်းများအား KNLA မှ တိုက်ခိုက်သိမ်းယူခြင်းများကို ကြားသိရပါက ပြည်သူများအနေဖြင့် online ပေါ်၌ အလျင်စလိုမတင်ရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ပြန်ကြားရေးဗဟိုမှ မေတ္တာရပ်ခံစာတစ်စောင် ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်စာအား ကရင်အမျိုးသားအစည်းအရုံး KNU ပြန်ကြားရေးဗဟိုဌာန page စာမျက်နှာမှာ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြည်သူသို့ မေတ္တာရပ်ခံစာတွင် ပစ်ခတ်တိုက်မှု ဖြစ်ပွားပြီးသည့်နောက်၌ဖြစ်စေ၊ စခန်းသိမ်းယူပြီးသည့်နောက်၌ဖြစ်စေ စစ်ရေးအစီအစဉ်အရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဆက်လက်လုပ်ဆောင်ရမည့်အရာများ ရှိနေသည့်အတွက်ကြောင့် ယခုလို မေတ္တာရပ်ခံခြင်းဖြစ်သည်။
ထို့အပြင် စစ်ရေးလှုပ်ရှားမှုအကြောင်းအရာကို online ပေါ်၌ အလျင်စလိုတင်ပြီး ဖြန့်ဝေလိုက်ပါက ရန်သူကို သတင်းပေးပို့ရာသက်ရောက်ပြီး စစ်မြေပြင်၌ ဆက်လက်လုပ်ဆောင်ရမည့် စစ်ရေးအစီအစဉ်ကို ထိခိုက်မှုရှိနိုင်ကြောင်း KNU ဗဟိုပြန်ကြားရေးက ပြောသည်။
ပုံမှန်အားဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် အကြမ်းဖက်စစ်အုပ်တို့ တိုက်ပွဲဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စုတို့သည် လေယာဉ်ဖြင့် လာရောက်ဗုံးကြဲပစ်ခတ်ခြင်းနှင့် စစ်ကူတပ်ဖွဲ့များ စေလွှတ်ခြင်းများကို ပြုလုပ်လျက်ရှိသည်ဟု မေတ္တာရပ်ခံစာတွင် ဖော်ပြထားသည်။
ထို့ကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ တပ်ဖွဲ့တပ်သားများ စစ်မြေပြင်ကိစ္စရပ်များ ပြီးဆုံး၍ လုံခြုံစိတ်ချသောနေရာသို့ ပြန်လည်ရောက်ရှိသောအချိန်မှသာလျှင် online ပေါ်၌ သတင်းများကို ဖြန့်ဝေကြရန် မေတ္တာရပ်ခံကြောင်း KNU ဗဟိုမှ ပြည်သူများသို့ မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။







