ဆရာတော်ဦးဥတ္တမနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရန် ရခိုင်ရဟန်းတော်များအဖွဲ့ (ရန်ကုန်) တောင်းဆို

ဆရာတော်ဦးဥတ္တမနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရန် ရခိုင်ရဟန်းတော်များအဖွဲ့ (ရန်ကုန်) တောင်းဆို

မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမနေ့ကို အစိုးရရုံးပိတ်ရက်ဖြစ်သတ်မှတ်ပေးရန် ရခိုင်ရဟန်းတော်များအဖွဲ့ (ရန်ကုန်) က ယနေ့ တောင်းဆိုလိုက်သည်။

ဆရာတော်သည် ရခိုင်ပြည်အတွက်သာမက မြန်မာနိုင်ငံပြည်လွတ်လပ်ရေးရရှိရန်လုပ်ဆောင်ခဲ့သော်လည်း လက်ရှိတွင် ဆရာတော်သည် အမေ့ပျောက်ခံပုဂ္ဂိုလ်ဖြစ်နေ၍ ယခုကဲ့သို့တောင်းဆိုနေရခြင်းဖြစ်သည်ဟုရခိုင်ရဟန်းတော်များအဖွဲ့ (ရန်ကုန်) မှ ဦးသဘာဝနဒီက နိရဥ္စရာကိုမိန့်သည်။

“မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးမီးရှူးတန်ဆောင်၊ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကြီးပါလို့ပြောကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုတောင်မှ တရုတ်နိုင်ငံမှာ လမ်း ပျောက်နေချိန် ဆရာတော်က လမ်းပြပေးခဲ့တယ်။ ဆရာတော်ဟာ လမ်းပြကြယ်ကြီးတစ်ပွင့်ပေါ့။ ဆရာတော်ဟာ များစွာကြိုးပမ်းခဲ့တယ်။ ဆရာတော်ကြိုးပမ်းခဲ့တာ ရခိုင်ပြည်အတွက်မဟုတ်ဘူး။ မြန်မာမဟုတ်ဘူး။ အာရှတိုက်တစ်တိုက်လုံးအတွက် ကြိုးစားခဲ့တာ။ မြန်မာနိုင်ငံမှာကျေးဇူးရှိသလို အာရှတိုက်အပေါ်လည်းကျေးဇူးရှိတယ်။ ဒီအတွက်ပဲ ဆရာတော်ရဲ့ကျေးဇူးကိုအသိအမှတ်ပြုတဲ့နိုင်ငံတွေမှာ ဆရာတော်နဲ့ပတ်သက်တဲ့အကြောင်းတွေကို သမိုင်းစာအုပ်တွေမှာထည့်သွင်းတယ်။ နိုင်ငံတော်ရဲ့ ပြဋ္ဌာန်းစာအုပ်တွေမှာဖော်ပြတယ်။ ဂျပန်တို့ဘာတို့ ပညာရေးပြဋ္ဌာန်းစာအုပ်တွေမှာ ပြဋ္ဌာန်းတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အမေ့အပျောက်ခံပုဂ္ဂိုလ်ဖြစ်နေတယ်။” ဟု မိန့်သည်။

ယင်းအပြင် ဆရာတော်ဦးဥတ္တမ၏အကြောင်းအရာများကို နိုင်ငံတော်၏ပညာရေးပြဋ္ဌာန်းစာအုပ်တွင် ထည့်သွင်းပေးရန်နှင့် ဆရာတော်ဦးဥတ္တမ ပန်းခြံကိုလည်း အဆင့်အတန်းမီအောင်ပြုလုပ်ပေးရန် သက်ဆိုင်ရာအစိုးရကို တောင်းဆိုလိုကြောင်း ရခိုင်ရဟန်းတော်များအဖွဲ့ (ရန်ကုန်) က ဆိုသည်။

ယခုကဲ့သို့ တောင်းဆိုချက်များကို ယခင်နှစ်များကလည်း ရခိုင်ရဟန်းတော်များအပါအဝင် ရခိုင်ပြည်သူများက အစိုးရထံတွင် အကြိမ်ကြိမ်တောင်းဆိုခဲ့ကြပြီဟု သိရသည်။

ရခိုင်ရဟန်းတော်များအဖွဲ့ (ရန်ကုန်) အဖွဲ့မှသံဃာတော်များနှင့် လူပုဂ္ဂိုလ်များသည် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားအထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနှင့် မြေပုံစသည့် မြို့နယ် ၇ ခုရှိ ဆရာတော်ဦးဥတ္တမရုပ်တုသို့ ယနေ့ စက်တင်ဘာလ ၉ ရက် တစ်ရက်တည်းတွင် သွားရောက် ဂါရဝပြုနေကြသည်ဟုလည်း သိရသည်။

ယင်းအပြင် ဆရာတော့်နေ့အထိမ်းအမှတ်အဖြစ် စစ်တွေအပါအဝင် မြို့အချို့တွင် ကဗျာရွတ်ပွဲအချို့ကိုလည်း ပြုလုပ်နေသည်ဟု ရခိုင်ရဟန်းတော်များအဖွဲ့ (ရန်ကုန်) မှ သိရသည်။

ယနေ့တွင်ကျရောက်သည့် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို ရခိုင်တစ်ပြည်လုံးနီးပါးတွင် ကျင်းပလျက်ရှိနေကြောင်း သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...