AA ၏ အုပ်ချုပ်ရေးကိစ္စများကို လက်မခံရန် ကျောက်တော်က မွတ်ဆလင် ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်တပ်က ခေါ်၍ပြော

AA ၏ အုပ်ချုပ်ရေးကိစ္စများကို လက်မခံရန် ကျောက်တော်က မွတ်ဆလင် ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်တပ်က ခေါ်၍ပြော

ရက္ခိုင့်တပ်တော် (AA) မှ ရဲသင်တန်း၊ အုပ်ချုပ်ရေးသင်တန်းများ ပေးမည့်ကိစ္စများကို လက်မခံကြရန် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်တပ်က ခေါ်၍ပြောကြားခဲ့ကြောင်း ယင်းရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

စက်တင်ဘာလ ၆ ရက်နေ့က ကျောက်တော်မြို့နယ်မှ မွတ်ဆလင်ကျေးအုပ်ချုပ်ရေးမှူးများကို ခမရ (၃၇၅) တပ်ရင်း အစည်းအဝေးခန်းမသို့ခေါ်ယူကာ စကစ (၉) တပ်ရင်းမှ တာဝန်ရှိသူများက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“AA ဘက်က ရဲသင်တန်းတွေ၊ အုပ်ချုပ်ရေးသင်တန်းတွေပေးဖို ့ကိစ္စကို လက်မခံကြပါနဲ့။ ပြည်နယ်တစ်ခုတည်းမှာ အုပ်ချုပ်ရေးနှစ်ခုရှိလို့မရဘူး။ သူတို့ပြောတာကိုနားယောင်ပြီးမလိုက်နာကြနဲ့။ နားယောင်ပြီးလိုက်သွားလို့ရှိရင်တော့ သူတို့ပိုင်ဥပဒေနဲ့ငြိမယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်" ဟု ယင်းအစည်းအဝေးခန်းမသို့တက်ရောက်ခဲ့သည့် မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက DMG သို့ ပြောသည်။

ထို့အပြင် ကျေးရွာအတွင်းဖြစ်ပွားသည့် အမှုကိစ္စများကို AA ထံသို့ မတိုင်ကြားရန် စစ်တပ်က ပြောဆိုခဲ့ကြောင်းလည်း သိရသည်။

"ပြဿနာတစ်စုံတစ်ရာဖြစ်ရင် ရွာမှာရှိတဲ့ ဌာနဆိုင်ရာ၊ ထွေအုပ်ကဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ရပ်မိရပ်ဖတွေနဲ့ ပြဿနာကို ဖြေရှင်းပေးလိုက်။ အဲဒီလိုဖြေရှင်းပေးလို့မရရင် သူတို့စခန်းကို ဖုန်းဆက်အကြောင်းကြားပေး။ သူတို့အနေနဲ ့လုံခြုံရေးယူပေးမယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်“ ဟု လုံခြုံရေးအရ အမည်မဖော်ပြလိုသည့် မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

မွတ်ဆလင်ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်ကခေါ်ယူ၍ အမှုကိစ္စများကို AA ထံမတိုင်ကြားရန်ပြောဆိုသည့်အပေါ် ကျောက်တော်ဒေသခံ ကိုဇော်ဝင်းက “ကျွန်တော်တို့အကြံပြုချင်တာက AA တရားရုံးထက် တရားစီရင်ရေးကောင်းတဲ့ ပြည်သူအတွက်အလုပ်အကျွေးပြုတဲ့၊ ပြည်သူ့ကောင်းကျိုးအတွက် စီမံဆောင်ရွက်ပေးတဲ့ တရားစီရင်ရေးကိစ္စတွေကို လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ ဒါဆိုရင် AA တရားရုံးကိုလည်း သွားချင်မှသွားကြတော့မယ်“ ဟု ပြောသည်။

ယခုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်တပ်က ခေါ်ယူပြောကြားသည့် ကိစ္စနှင့်ပတ်သက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို DMG က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)မှ ရခိုင်ပြည်အတွင်း ဖြစ်ပွားသည့်အမှုကိစ္စများကို တိုင်ကြားနိုင်ကြောင်းနှင့် တရားစီရင်ရေးကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သြဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ အုပ်ချုပ်ရေးမှူးများကို စစ်တပ်ကခေါ်ယူ၍ ပြောကြားလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ကျောက်ဖြူမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်ကခေါ်ယူပြီး အေအေနှင့်ပတ်သက်သည့်သတင်းများကိုပေးရန် ဖိအားပေးပြောကြားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲများ ရပ်တန့်နေသည်မှာ ၁၀ လခန့်ရှိလာနေပြီး လက်ရှိတွင် စစ်တပ်က မြို့နယ်အချို့၌ အင်အားဖြင့်လှည့်လည်နေမှုများကြောင့် တိုက်ပွဲပြန်ဖြစ်မည်ကိုစိုးရိမ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...
August 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများအတွင်း သက်ငယ်မုဒိမ်းမှု၊ အဓမ္မပြုကျင့် လူသတ်မှုနှင့်...