သိန္နီမြို့တွင် စစ်ကောင်စီကားများ ထွက်သွားပြီးနောက် ဗုံး (၂) လုံးပေါက်ကွဲ

သိန္နီမြို့တွင် စစ်ကောင်စီကားများ ထွက်သွားပြီးနောက် ဗုံး (၂) လုံးပေါက်ကွဲ

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် စစ်ကောင်စီတပ်သားများပါရှိသည့် ကားများထွက်သွားပြီးနောက် ဗုံး (၂) လုံး ပေါက်ကွဲပြီး အနီးရှိ နေအိမ်များ၏ ပြတင်းပေါက်မှန်များနှင့် တံခါးများကို ဗုံးစများထိမှန်ကာ ပျက်စီးခဲ့မှုများရှိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ ညသန်းခေါင် ၁ နာရီဝန်းကျင်အချိန်တွင် သိန္နီဈေးအောက်ဖက်ရှိ လမ်းမကြီးဘေးတွင် တပ်ဆင်ထားသည့် ဗုံးနှစ်လုံးသည် ပေါက်ကွဲပြီး အနီးရှိနေအိမ်မှ ပြတင်းပေါက်များ တံခါးများကို ဗုံးစများ ထိမှန်သော်လည်း လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သတင်းသိရသည်။

“ဟုတ်ပါတယ်၊ ည ၁ နာရီဝန်းကျင်အချိန်မှာ ပေါက်ကွဲတာပါ၊ ဖြစ်ချင်တော့ အဲ့ချိန်မှာ စစ်ကားနှစ်စီးက ဖြတ်သွားတယ်၊ အဲ့စစ်ကား မရှေ့မနှောင်းမှာပဲ ဗုံးက ပေါက်ကွဲတာ၊ အနီးမှာရှိတဲ့ အိမ်တစ်လုံးရဲ့ ပြတင်းပေါက်နဲ့ တံခါးတွေကို ဗုံးစတွေက ထိမှန်သွားတယ်၊ လူနဲ့တိရစ္ဆာန်တွေကတော့ ထိခိုက်မှုမရှိဘူး” ဟု သိန္နီမြို့နေ ဦးစိုင်းပွမ်ဝမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗုံးများပေါက်ကွဲခြင်းသည် သိန္နီမြို့တွင်းတွင် ဖြစ်လေ့ဖြစ်ထမရှိသည့်အပြင် ယခုလို နိုင်ငံရေးမကောင်းသည့်အချိန်မှာ ဖြစ်လာသည့်အတွက် မြို့ခံပြည်သူများ ထိတ်လန့်နေပြီး နောက်အကျိုးဆက်များ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြောင်း သိန္နီမြို့နေ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်တုန်းက သိန္နီမြို့က ငြိမ်းချမ်းပါတယ်၊ အခုတော့ နိုင်ငံရေးကလည်းမကောင်းတော့ ဒီလိုတွေ ဖြစ်လာရတယ်၊ ဒီလို ပေါက်ကွဲမှုတွေရှိလာတော့ မြို့တွင်းအစစ်အဆေးတွေ ကြမ်းလာမယ်လေ၊ အခုတောင် မြို့ထဲမှာ စကစတွေ စစ်ဆေးမေးမြန်းနေကြတယ်၊ သူတို့ အဲ့လိုလုပ်တော့ ပြည်သူတွေက သွားရဲလာရဲ မရှိကြတော့ဘူး” ဟု သိန္နီမြို့နေ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့အပြင် တခြားသော တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ သျှမ်းပြည်တိုးတက်ရေးတပ်မတော် (SSPP/SSA) နှင့် တအာန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကဲ့သို့သော လက်နက်ကိုင်အဖွဲ့အစည်းများလည်း သွားလာလှုပ်ရှားမှုများရှိနေကြာင်း သိရသည်။

 
 

 

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...