ကျောက်ဖြူ-မာန်အောင် ရေကြောင်းခရီးစဉ် ပြေးဆွဲရန်စီစဉ်နေ

ကျောက်ဖြူ-မာန်အောင် ရေကြောင်းခရီးစဉ် ပြေးဆွဲရန်စီစဉ်နေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ကျောက်ဖြူ-အောင်လှပြင်-မာန်အောင် ရေကြောင်းခရီးစဉ်ကို ပွင့်လင်းရာသီတွင် ပြေးဆွဲနိုင်ရန် ပြည်နယ်အစိုးရက စီစဉ်နေကြောင်း သတင်းရရှိသည်။

ယင်းသို့ ပြေးဆွဲနိုင်ရန် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး လုပ်ငန်းအနေဖြင့် ကျောက်ဖြူ-အောင်လှပြင်-မာန်အောင်ပြေးဆွဲမည့်ရေကြောင်းခရီးစဉ်အား ကွင်းဆင်းဆောင်ရန် ညွှန်ကြားထားပြီဟု ရခိုင်ပြည်နယ်အစိုးရက စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

“ပွင့်လင်းရာသီတွင်ပြေးဆွဲနိုင်ရန် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်းမှ ကျောက်ဖြူ-အောင်လှပြင်-မာန်အောင်ပြေးဆွဲမည့် ရေကြောင်းခရီးစဉ်အား ကွင်းဆင်းဆောင်ရွက်၍ ပြန်လည်တင်ပြစေရန်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လင်းအား ဆက်သွယ်မေးမြန်းရာ ယခုကိစ္စကို သူမသိသေးဟု ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရကလည်း ယခုကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်မပြောသေးသလို နိရဥ္စရာက ဆက်သွယ်မေးမြန်း၍လည်း မရသေးပါ။

လက်ရှိတွင် ကျောက်ဖြူမှ မာန်အောင်သို့သွားမည်ဆိုပါက ကျောက်ဖြူမှတဆင့် ရမ်းမြို့နယ် လေးတောင်မြို့သို့ ကားဖြင့်သွားရပြီး ယင်းမှတဆင့် စက်လှေဖြင့် မာန်အောင်သို့ ဆက်လက်သွားရောက်ရသည့်အတွက် မိုးတွင်းဆိုလျှင် အခက်အခဲဖြစ်နေရသည်ဟု ဒေသခံများက ပြောသည်။

ကျောက်ဖြူဒေသခံ ကိုထွန်းထွန်းနိုင်က "ကျောက်ဖြူကနေ မာန်အောင်သွားဖို့ဆိုရင် လေးတောင်ကိုတစ်ခါသွားရတယ် ကားနဲ့။ အဲ့ကနေ မာန်အောင်သွားဖို့ဆိုရင် စက်လှေ ထပ်စီးရတယ်။ မိုးတွင်းကာလဆို အခက်ခဲဖြစ်တယ်။" ဟု ပြောသည်။

အလားတူ မာန်အောင်မှ ကျောက်ဖြူသို့သွားမည်ဆိုလျှင်လည်း အမြန်ရေယာဉ်ဖြင့် တောင်ကုတ်ကို သွားရပြီး တောင်ကုတ်တွင် တစ်ညအိပ်ကာ ကျောက်ဖြူသို့ ဆက်လက်သွားရသည့်အတွက် အချိန်ကြန့်ကြာမှုရှိနေသည်ဟု မာန်အောင်ဒေသခံ ကိုအောင်မြင့်သူက ပြောသည်။

"ဒီလို ကျောက်ဖြူ-မာန်အောင် ရေကြောင်းခရီးစဉ်အသစ်ဆွဲဖို့ စီစဉ်နေတယ်ကြားရတာ ပျော်ပါတယ်။ အရင်ကဆို အခက်ခဲတွေရှိတယ်။ အခုလို တိုက်ရိုက်ရေကြောင်းခရီးဖွင့်ရင် ခရီးသွားတွေအတွက် လွယ်ကူသွားမှာ။" ဟု ပြောသည်။

ယခုခရီးစဉ်သစ်ပြေးဆွဲမည်ဆိုပါက ကျောက်ဖြူမြို့မှ ရမ်းဗြဲမြို့နယ် အောင်လှပြင်ရွာသို့ ပင်လယ်ပြင်အတိုင်းသွားရမည်ဖြစ်ပြီး လက်ရှိအချိန်အထိ ကျောက်ဖြူမှ အောင်လှပြင်သို့ ရေကြောင်းခရီးစဉ်တစ်ခါမျှမရှိဖူးသည့်အတွက် ကြာမြင့်ချိန်မည်မျှရှိမည်ဆိုသည်ကို မခန့်မှန်းနိုင်ဟု မာန်အောင်-ကျောက်ဖြူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်သန်းက ပြောသည်။

အောင်လှပြင်မှ မာန်အောင်သို့ အမြန်ရေယာဉ်ဖြင့်သွားမည်ဆိုလျှင် မိနစ် (၃ဝ) ခန့်သာ ကြာမြင့်မည်ဟု ပြောသည်။

 
 

 

 

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...