COVID-19 ကူးစက်မှု ကေအိုင်အို ထိန်းချုပ်နိုင်ပြီ

COVID-19 ကူးစက်မှု ကေအိုင်အို ထိန်းချုပ်နိုင်ပြီ
ဓါတ်ပုံ - The Kachin Net
ဓါတ်ပုံ - The Kachin Net

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်း COVID-19 လူနာအများစု သက်သာပျောက်ကင်းပြီဟု KIO ဗဟို COVID-19 ရောဂါကာကွယ်ရေးကော်မတီက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIO ထိန်းချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ်၊ မတ်လကစတင်၍ COVID-19 ကူးစက်မှုများရှိခဲ့ရာ ဇူလိုင်လအတွင်း ကူးစက်မှုမြင့်တက်ခဲ့သည့်အတွက် ထိန်းချုပ်ကန့်သတ်ချက်များ ထပ်တိုးချမှတ်ပြီး ထိန်းချုပ်ခဲ့ရသည်ဟု KIO က ပြောသည်။

KIO ၏ COVID-19 ရောဂါ တားဆီးနှိမ်နှင်းရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ်က “မိုင် ဂျာယန်ရယ်၊ လိုင်ဇာရယ်ပေါင်းရင်တော့ တော်တော်များပြီ။ Positive က များတယ်။ မိုင်ဂျာယန်ဆိုရင် ၂၀၀၀ ကျော်ပြီ။ လိုင်ဇာမှာဆိုရင် ၅၀ ကျော်။ တခြားနေရာတွေမှာလည်းရှိတယ်။ ဆဒုံးဘက်မှာလည်း ၅၀ ကျော်။ အားလုံးဆိုရင် ၂၂၀၀ နီးပါးလောက်ရှိပြီ ကျနော်တို့ KIO ထိန်းချုပ်နယ်မြေမှာ။ နောက်ပြီး Positive ကနေ Negative ပြောင်းတာဆိုရင် ရာခိုင်နှုန်းအရ ၈၀ ရာခိုင်နှုန်း၊ ၇၅ ရာခိုင်နှုန်းအထက်တော့ရှိပြီ” ဟု ပြောသည်။

KIO ထိန်းချုပ်နယ်မြေများအတွင်း ပညာရေးမြို့တော်ဖြစ်သည့် မိုင်ဂျာယန်သည် ကူးစက်မှုအများဆုံးဖြစ်ပွားခဲ့ရာ၊ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀၀ ကျော်အထိ ရှိခဲ့သည်ဟု KIO ၏ COVID-19 ရောဂါ တားဆီးနှိမ်နှင်းရေးကော်မတီ တာဝန်ရှိသူက ပြောသည်။

ထိုသို့ ကူးစက်မှုမြင့်တက်လာသည့်အတွက် ဇူလိုင်လ ပထမအပတ်မှစတင်၍ မိုင်ဂျာယန်မြို့အတွင်း ကန့်သတ်မှုများထပ်တိုးကာ ကျောင်းများပါပိတ်ခဲ့ရသည်မှာ ယနေ့အချိန်ထိဖြစ်သည်။

KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် ၅၉ ဦးနှင့် KIO ၏ အခြားထိန်းချုပ်နယ်မြေများဖြစ်ကြသည့် အင်ဘာပါ ၁၆ ဦး၊ ဆဒုံး ၂၆ ဦး၊ တပ်မဟာ ၁ နယ်မြေတွင် ၂၉ ဦး၊ ဖားကန့်တွင် ၁၅၄၊ တပ်မဟာ ၉ (အင်းတော်ကြီးဒေသ) တွင် ၂ ဦး၊ တပ်မဟာ ၂ (ဟူးကောင်းဒေသ) တွင် ၃၀ ဦး နှင့် တပ်မဟာ ၂ (ရှင်ဗွေယန်ဒေသ) တွင် ၇ ဦးရှိသည်ဟု KIO ၏ COVID-19 ရောဂါကာကွယ်ရေးကော်မတီ၏ ဩဂုတ်လ နောက်ဆုံးအပတ်ထိ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ထိုကူးစက်မှုစာရင်းမှ ယခုတွင် ၇၅ ရာခိုင်နှုန်းကျော်မှာ Positive မှ Negative သို့ ပြောင်းသွားပြီဟု ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ်က ပြောသည်။

“အခုလောလောဆယ်တော့ ကိုဗစ်ထပ်တိုးတာ မရှိရင်လည်းပဲ ကျနော်တို့က သတိနဲ့ ပြည်သူလူထုတွေနေသွားဖို့၊ အဲ့ဒါက လိုအုံးမယ်။ အဓိကက လူသွားလူလာကလည်း အရင်ကလိုတော့ သွားလို့လာလို့ မဖြစ်သေးဘူး။ ဒီကလူ ရှိသမျှလူတွေကို သုံးခေါက်တောင် စစ်ပြီးပြီ။ သုံးခေါက်လုံး ရောဂါမတွေ့တော့ဘူး။ အဲ့ဒါကြောင့် Lockdown ကို ဖြုတ်ပေးတာဟုတ်တယ်” ဟု ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ်က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အတွင်း COVID-19 ရောဂါ ကူးစက်မှုများကြောင့် ချမှတ်ထားသည့် ပိတ်ဆို့ကန့်သတ်မှုများကို ဩဂုတ်လ ၂၆ ရက်နေ့တွင် ရုတ်သိမ်းလိုက်ပြီဖြစ်သည်။

လိုင်ဇာမြို့အတွင်းနှင့် အနီးဝန်းကျင်ရှိ ဂျေယန့်၊ ဖုန်လုံယန်၊ ဒွမ်ဘုန်စစ်ရှောင်စခန်းများကို ပိတ်ဆို့ထားရာမှ ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု KIO ၏ COVID-19 ရောဂါ တားဆီးနှိမ်နှင်းရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ်က ပြောသည်။

Lockdown သတ်မှတ်ချက်များ ဖြေလျှော့လိုက်သော်လည်း COVID-19 နှင့်ပတ်သက်သည့် အခြားစည်းကမ်းများကို ပြည်သူများဖြစ်သည့် ပြည်သူများအနေဖြင့် လူစုလူဝေးမပြုလုပ်ရန်၊ သတ်မှတ်ထားသည့် COVID-19 ရောဂါကာကွယ်ရေး စည်းကမ်းချက်များကို ဆက်လက်လိုက်နာရန်၊ မျက်နှာစည်း Mask မတပ်ဘဲ သွားလာခြင်းမပြုလုပ်ရန်၊ စားသောက်ဆိုင်များအတွင်း စားသောက်ခြင်းမပြုလုပ်ရန်၊ ထုပ်ပိုးခြင်း Parcel စနစ်ဖြင့်သာ ဝယ်ယူသွားကြရန်နှင့် ဈေးသည်များအားလုံးအနေဖြင့်လည်း မျက်နှာစည်း Mask တပ်ရမည်ဟု ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂၇ ရက်နေ့မှ ဩဂုတ်လ ၂၆ ရက်နေ့အထိ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် COVID-19 ရောဂါ အတည်ပြုလူနာ ၅၉ ဦးရှိခဲ့ပြီး အသက်၄၀ ကျော် COVID-19 အတည်ပြုလူနာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...